အားလုံးပဲ မင်္ဂလာပါ။ ဖက်ရှင်ဆိုတာဟာ အမျိုးသမီးတွေအတွက်သာမဟုတ်ဘဲ အမျိုးသားတွေအတွက်လည်း အလွန်အရေးပါ အရာရောက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ယနေ့ခေတ်လို အမျိုးမျိုးတိုးတက်ပြောင်းလဲနေတဲ့အချိန်မှာ ဖက်ရှင်ရေစီးကြောင်းကလည်း လိုက်လို့မမှီလောက်အောင်ကို ပြောင်းလဲနေပါတယ်။ ဒီလိုအချိန်မှာ ကိုယ်လည်းနောက်ကျမကျန်ခဲ့ဖို့ရယ်၊ အများနည်းတူ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်နိုင်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။

ဒါကြောင့် အခုလိုနွေရာသီပူအိုက်တဲ့အချိန်မျိုးမှာ အကောင်းဆုံးဖြစ်တဲ့ ဘောင်းဘီတိုဖက်ရှင်ကို ဘယ်လိုဖိနပ်မျိုးတွေနဲ့ စတိုင်မိမိဝတ်စားဆင်ယင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အားကစားဖိနပ်များ (Sneakers)

ဖက်ရှင်ကျကျနဲ့ ပေါ့ပါးလွတ်လပ်တဲ့ လမ်းထွက်စတိုင်လ်ကို ရယူလိုတယ်ဆိုရင်တော့ အားကစားဖိနပ်တွေက သင့်တော်ပါတယ်။ စီးရတာ သက်သောင့်သက်သာလည်းရှိသလို ပေါ့ပါးတာကြောင့် ဘောင်းဘီတိုနဲ့တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ပိုပြီးလွတ်လပ်ကာ အပူအအိုက်လည်းသက်သာမှာဖြစ်ပါတယ်။ နေ့စဉ်ဝတ်ဆင်လိုပါက အားကစားဖိနပ်၊ ဘောင်းဘီတိုအပြင် အပေါ်မှ ပိုလိုရှပ် ဒါမှမဟုတ် တီရှပ်တစ်ခုခုနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၂။ သားရေဖိနပ်ပြား (Loafers)

ရှူးဖိနပ်တွေထဲမှာမှ စီးရတာ အလွန်သက်သောင့်သက်သာရှိတဲ့ Loafers ဖိနပ်တွေဟာဆိုရင် နေ့လည်နေ့ခင်း အပြင်ထွက်ချိန်တွေမှာ ဘောင်းဘီတိုနဲ့အတူ ပေါ့ပေါ့ပါးပါးစီးနိုင်ဖို့အတွက် အလွန်ကာရံညီတဲ့ဖိနပ်တွေဖြစ်ပါတယ်။

၃။ အပြင်စီးရှူးဖိနပ် (Brogues)

ရိုးရိုးလေးနဲ့ စတိုင်ကျတဲ့ဖက်ကို သွားချင်တဲ့ ပုရိသတွေကိုတော့ ဒီလိုမျိုး အပြင်စီးရှူးဖိနပ်ဒီဇိုင်းတွေကို ရွေးချယ်ပါလို့ အကြံပြုချင်ပါတယ်။ သေသပ်စတိုင်ကျရုံသာမက ဘယ်လိုဝတ်စုံဒီဇိုင်းမျိုးနဲ့မဆို အတွဲညီညီဝတ်ဆင်နိုင်မှာဖြစ်ပြီး စတိုင်အပြည့်မိစေမယ့် ဖိနပ်တွေဆိုလည်း မမှားပါဘူး။

၎။ ကွင်းထိုးနဲ့ ခြေညှပ်ဖိနပ်တွေ

နွေရာသီမှာ ကမ်းခြေ ဒါမှမဟုတ် ရေကူးကန်မှာ တစ်ရက်လောက်အချိန်ဖြုန်းဖို့ စဉ်းစားထားပါသလား။ ဒါဆိုရင်တော့ သက်သောင့်သက်သာလည်းရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကို လိုအပ်မယ်လို့ထင်ပါတယ်။ နွေရာသီလို ပူအိုက်တဲ့အချိန်တွေမှာ အကောင်းဆုံးရွေးချယ်သင့်တဲ့ ဖိနပ်တွေဖြစ်သလို ဈေးလည်းမကြီး၊ စတိုင်လည်းကျတာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။

၅။ ရှူးဖိနပ်များ (Boat Shoes)

ရှူးဖိနပ်တွေကတော့ စီးရတာလွယ်ကူသလို ကိုယ်ဝတ်ထားတဲ့ ဝတ်စုံကိုလည်း ပိုပြီးတော့ ရင့်ကျက်သွားတဲ့အသွင် ဆောင်စေပါတယ်။ စမတ်ကျကျ၊ ပေါ့ပါးတဲ့စတိုင်နှစ်မျိုးကို ဟန်ချက်မပျက်အောင်ထိန်းပေးထားတဲ့ ရှူးဖိနပ်တွေကတော့ နေဝင်မိုးချုပ်စီးလို့အလွန်ကောင်းပါတယ်။ ဘောင်းဘီတိုလေးနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ ဘာလိုသေးလဲပေါ့ဗျာ။

၆။ ဗြောင်ဒီဇိုင်း ရှူးဖိနပ်များ (Espadrilles)

စီးလိုက်တဲ့အခါမှာ အေးအေးလူလူနဲ့ သက်သောင့်သက်သာရှိတဲ့ ဗြောင်ဒီဇိုင်းရှူးဖိနပ်တွေကတော့ ဘယ်တော့မှရိုးသွားမှာမဟုတ်ပါဘူး။ ဈေးကွက်ထဲမှာဆိုရင်လည်း ကွင်းထိုးနဲ့ ခြေညှပ်ဖိနပ်တွေပြီးရင် နွေရာသီမှာ ဇိမ်ရှိရှိစီးနိုင်မယ့် ဖိနပ်လို့လည်း ပြောလို့ရပါသေးတယ်။

၇။ ဘွတ်ဖိနပ်များ

တခါတလေတော့လည်း အပြောင်းအလဲအနေနဲ့ ခံ့ညားတဲ့ဘွတ်ဖိနပ်ကြီးတွေကို စီးချင်တဲ့အချိန်ကရှိပါသေးတယ်။ ဒီလိုဆိုရင် ပေါ့ပါးလွတ်လပ်တဲ့ ဘောင်းဘီတိုလေးတွေကို ဘွတ်ဖိနပ်မိုက်မိုက်တွေနဲ့ တွဲပြီးဝတ်လိုက်မယ်ဆိုရင်တော့ သန့်ပြန့်တဲ့စတိုင်ဖက်ကို သွားနိုင်မှာပါ။

Source: www.thetrendspotter.net