ယနေ့ခေတ်မှာ ဖက်ရှင်ကျကျဝတ်စားတတ်ခြင်းကလည်း ပညာရပ်တစ်ခုပါပဲ။ မိန်းကလေးတွေတင်မကပါဘူး။ အမျိုးသားများပါ တပ်အပ်တဲ့ပညာပဲဖြစ်ပါတယ်။

အမျိုးသားထုကြီးကို ၂ မျိုး ၂ စားခွဲကြည့်ရမယ်ဆိုရင်ဖြင့် ဖက်ရှင်ကျကျဝတ်စားတတ်တဲ့အမျိုးသားနဲ့ ဖက်ရှင်ကျတာ မကျတာ ဂရုမစိုက်ဘဲ အဝတ်အစားဖြစ်ရင်ပြီးရောဆိုပြီး ဝတ်တတ်တဲ့အမျိုးသားတို့ပဲဖြစ်ပါတယ်။ သင်ရော ဘယ်အမျိုးအစားထဲမှာ ပါပါသလဲ။ ဒုတိယ အမျိုးအစားထဲမှာ ပါတယ်ဆိုရင်တော့ သင့်ရဲ့အမူအကျင့်ကို အခုကစပြီး ပြင်ဆင်ကြည့်လိုက်ရအောင်လား။

ဒါ့ကြောင့် ဖက်ရှင်ကျတဲ့အမျိုးသားတွေဆီက လေ့လာသင်ယူထားသင့်တဲ့ အပြုအမူများကို ဖော်ပြပေးလိုက်ပါတယ်။

ဈေးဝယ်ထွက်ဖို့ မပျင်းပါနဲ့

အမျိုးသမီးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမျိုးသားများရဲ့ အမူအကျင့်ကတော့ အမျိုးသားများက ဈေးဝယ်ထွက်ဖို့ ပျင်းရိတတ်ကြတာပါပဲ။ အင်္ကျီဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ပြီး ကိုယ်နဲ့ တော် မတော်၊ လိုက်ဖက်မှုရှိမရှိ စမ်းဝတ်ကြည့်ပြီးမှ ဝယ်ယူပါ။

ကိုယ့်ဖက်ရှင်ကို ဂရုစိုက်တဲ့အမျိုးသားတွေက သူတို့ရဲ့အတွင်းခံတွေကိုလည်း ဂရုစိုက်ကြပါတယ်။

အတွင်းခံတွေပဲ မြင်မှ မမြင်ရတာလို့ ဆင်ခြေမပေးပါနဲ့။ တကယ်တော့ အတွင်းခံဘောင်းဘီတွေက သင့်ကျန်းမာရေးအတွက်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အမျိုးအစားကောင်းကောင်းလေးတွေ ဝယ်ဝတ်ပြီး ပုံမှန်လျှော်ဖွတ်၊ မီးပူတိုက်ပေးဖို့လိုပါတယ်။

ဂျင်းဘောင်းဘီတွေကို ခဏခဏမလျှော်ပါနဲ့

ဂျင်းဘောင်းဘီကို ခဏခဏလျှော်တဲ့အခါ အရောင်ပြယ်သွားပြီး ဟောင်းနွမ်းတဲ့ပုံပေါက်သွားတတ်ပါတယ်။ အဲ့ဒါကြောင့် ဂျင်းဘောင်းဘီတွေကို ၅ လလောက်နေမှ တစ်ခါလျှော်ပေးပါ။ အနံ့အသက်ဆိုးတွေက ပျောက်ကင်းဖို့ဆိုရင်တော့ နေပူလှန်းပေးဖို့ မမေ့ပါနဲ့။

အပ်ချုပ်ဆိုင်သွားဖို့လည်း ဝန်မလေးပါနဲ့

အပ်ချုပ်သမားနဲ့ချုပ်တဲ့အခါ သင့်ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့အဝတ်အစားတွေ ဝတ်ဆင်နိုင်တာကြောင့် ပုံမကျ ပန်းမကျဖက်ရှင်တွေကို အလိုလိုရှောင်ကြဉ်ပြီးသားဖြစ်သွားပါတယ်။

အသေးအဖွဲအရာလေးတွေကိုလည်း ဂရုစိုက်ပါ

အင်္ကျီလက်ကို ခေါက်တင်တာကအစ၊ နက်ခ်တိုင် စည်းတာကအဆုံး အစစအရာရာ ဂရုစိုက်ပေးပါ။ အပေါ်အင်္ကျီထပ်ဝတ်မယ်ဆိုရင်လည်း ကြယ်သီးဘယ်နှစ်လုံးတပ်ရမလဲဆိုတာကိုလည်း သိထားဖို့လိုအပ်သလို ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်ပုဝါ၊ ခါးပတ်၊ လက်ပတ်၊ လက်စွပ် စတာတွေကိုလည်း အလျဉ်းသင့်ရင် သင့်သလို လိုက်ဖက်အောင် ဝတ်ဆင်ပေးရပါမယ်။

ဖက်ရှင်အလှည့်အပြောင်းပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့

အဝတ်အစားတစ်စုံတည်းကို အရောင်ဆင်တူဝယ်ထားတာထက်၊ အရောင်မတူတာတွေ ဝယ်ပါ။ ပြီးရင် ဖက်ရှင်စတိုင်လ်တစ်မျိုးတည်း ဝတ်ဆင်တာထက် ဖက်ရှင်စတိုင်လ်အမျိုးမျိုးကို ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်မှုရှိအောင် ဝတ်ဆင်ပါ။

အဝတ်အစားဘီဒိုကိုလည်း သပ်သပ်ရပ်ရပ် စီစီရီရီထားပေးပါ

ဝတ်ပြီးသား အဝတ်အစားတွေကို တစ်နေရာတည်းမှာ တောင်ကြီးတစ်တောင်လို စုပုံမထားဘဲ လျှော်ဖွပ်ပြီး မီးပူတိုက်ပါ။ ပြီးရင် အရောင်တူရာအင်္ကျီ၊ အမျိုးအစားတူရာအင်္ကျီလေးတွေကို စုထားပြီး သပ်သပ်ရပ်ရပ်လေးထားပေးမယ်ဆိုရင် နောက်တစ်နေ့ဝတ်ရမယ့်ဖက်ရှင်အတွက် ခေါင်းစားစရာမလိုတော့ပါဘူး။

Source: fashionbeans.com