ယနေ့ခေတ်လူငယ်တွေ အပြောများတဲ့ စကားကတော့ “အလုပ်တွေရှုပ်လွန်းလို့ ကိုယ့်ဝါသနာအတွက်တောင် အချိန်မပေးနိုင်တော့ဘူး” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ တကယ်တော့ ဖုန်းသုံးတဲ့အချိန်၊ တီဗွီကြည့်တဲ့အချိန်တွေကို လျော့ချလိုက်မယ်ဆိုရင် ကိုယ့်ဝါသနာအတွက် ပေးနိုင်မယ့်အချိန်တွေ ထွက်လာပါလိမ့်မယ်။

ဖုန်းစခရင်မ်၊ တီဗွီစခရင်မ်တွေက သင့်ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာစေနိုင်တဲ့ တရားခံတွေပဲဖြစ်ပါတယ်။ စခရင်မ်အတွက် ပေးတဲ့အချိန်တွေကို လျော့ချပြီး မိမိဝါသနာအတွက်အချိန်ပေးမယ်ဆိုရင် သင့်အတွက် အကျိုးအမြတ်တစ်ခုခုရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လိုဝါသနာတွေက သင့်ဘဝအတွက် အကျိုးအမြတ်ပေးစွမ်းနိုင်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဟင်းချက်ပညာ

Source: fashionbeans.com

ဟင်းချက်ဝါသနာပါတဲ့သူက ဟင်းချက်သင်တန်းတွေတတ်ရင်း စိတ်ရောလူပါ ပေးဆပ်ပြီး ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့စားဖိုမှူးတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ။ အရေးကြီးတာက ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ့်ဝါသနာကို ပြီးစလွယ်မလုပ်မိဖို့ပါပဲ။

အားကစားလုပ်ရတာ ဝါသနာပါသူများအတွက်

Source: fashionbeans.com

Six-Packs ထွက်ချင်တယ်လို့ စိတ်ကူးထားရင် အခုပဲ ကြိုးစားကြည့်လိုက်ပါ။ အားကစားအတွက် တစ်ရက်ကို တစ်နာရီလောက် အချိန်ပေးမယ်ဆို တစ်လအတွင်းမှာ ပြောင်းလဲသွားတဲ့ ရလဒ်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကိုယ် ကျွမ်းကျင်သွားတဲ့တစ်နေ့မှာ ထရိန်နာအဖြစ် အခြားသူတွေကို ပြန်လည်သင်ကြားပေးနိုင်ပါသေးတယ်။

အကသင်တန်းတက်ပါ။

Source: fashionbeans.com

သင့်အနေနဲ့ အကဝါသနာပါတယ်ဆိုရင် သူများကတာကိုပဲ ကြည့်မနေပါနဲ့။ အခုချက်ချင်းအကသင်တန်းသွားတက်လိုက်ပါ။ ကခုန်ခြင်းက သင့်ခန္ဓာကိုယ်ကို ကျစ်လျစ်စေပြီး စိတ်လက်ပေါ့ပါးစေပါတယ်။

ဓာတ်ပုံရိုက်ခြင်း အနုပညာ

Source: fashionbeans.com

ပိုက်ဆံစုပြီး ကင်မရာကောင်းကောင်းတစ်လက် ဝယ်ထားလိုက်ပါ။ ဖုန်းနဲ့ ဓာတ်ပုံမရိုက်ဘဲ ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါ။ ဓာတ်ပုံရိုက်ခြင်းက သဘာဝအလှတရားကို ရှုမြင်ခံစားနိုင်တဲ့အပြင် ဓာတ်ပုံပညာလေ့လာရင်း ဓာတ်ပုံပြိုင်ပွဲတွေ ဝင်ပြိုင်လို့လည်း ရပါသေးတယ်။ ကိုယ့်ဝါသနာကို အရင်းခံပြီး ကြိုးစားလေ့လာမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာအောင်မြင်လာမှာပဲဖြစ်ပါတယ်။

ပစ္စည်းတစ်ခုခု စုဆောင်းထားခြင်း

Source: fashionbeans.com

လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်စုဆောင်းတဲ့ပစ္စည်းတွေ တူစရာမလိုပါဘူး။ တချို့တွေက တံဆိပ်ခေါင်းစုတတ်ကြပြီး တချို့တွေက ဖိနပ်၊ တချို့တွေက နာရီ၊ စာဖတ်ဝါသနာပါသူတွေကလည်း စာအုပ် စသည်ဖြင့် အမျိုးမျိုးစုဆောင်းတတ်ကြပါတယ်။ ဒီလိုစုဆောင်းခြင်းကလည်း သင့်အတွက် တစ်ချိန်ချိန်မှာ အကျိုးရှိစေမှာပါ။

လက်သမားအတတ်ပညာ

Source: fashionbeans.com

အိမ်ဆောက်ရတာဝါသနာပါတယ်၊ တူနဲ့သစ်သားတွေ ထုရိုက်ရတာ ဝါသနာပါတယ်ဆိုရင် မိမိအားလပ်တဲ့အချိန်မှာ အိမ်သုံးပရိဘောဂများ၊ စားပွဲ၊ ထိုင်ခုံ စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ အိမ်အတွက် အပိုဝင်ငွေတွေ ထွက်မှာမဟုတ်တော့ပါဘူး။

တူရိယာတစ်ခုခုတီးခတ်ခြင်း

Source: fashionbeans.com

တေးဂီတ တူရိယာတစ်ခုခုတီးခတ်တတ်ခြင်းက သင့်ရဲ့ အိုင်ကျူမြင့်မားအောင် ကူညီပေးနိုင်ပါတယ်။ တေးဂီတက ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြင့်မားအောင် ကူညီပေးပြီး စိတ်လက်ပေါ့ပါးအောင် ကူညီပေးနိုင်ပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုဝါသနာမျိုး ပိုင်ဆိုင်ထားကြပါသလဲ။ ကိုယ့်ဝါသနာက ကိုယ့်အတွက် ကောင်းကျိုးဘယ်လောက်များများပေးစွမ်းနိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ရအောင်။