လူတိုင်းက မိမိကြိုက်နှစ်သက်တဲ့အရာတစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲစုဆောင်းတတ်တဲ့ အလေ့အကျင့်ရှိကြပါတယ်။ ဒါပေမဲ့ လအလိုက်၊ နှစ်အလိုက် ပြောင်းလဲနေတဲ့ ဖက်ရှင်လောကမှာတော့ တစ်သမတ်တည်းသွားနေမယ်ဆိုရင်တော့ သေချာပါတယ်။ သင့်ရဲ့ဖက်ရှင်က နောက်ကောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။

ခေတ်မှီပြီး စတိုင်လ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ပြောင်းလဲနေတဲ့ဖက်ရှင်များကို မျက်ခြည်မပြတ် စောင့်ကြည့်နေရမှာဖြစ်ပြီး ဘယ်လိုဖက်ရှင်ပစ္စည်းများက မိမိနဲ့ အံ့ဝင်ခွင်ကျဖြစ်မလဲဆိုတာကိုလည်း လေ့လာသင့်ပါတယ်။

ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအသုံးအဆောင်ပစ္စည်းများကို လက်ဝယ်ပိုင်ဆိုင်ထားသင့်သလဲ။

အကောင်းစား ရှူးဖိနပ်တစ်ရံ

အရောင်ငြိမ်ပြီး မိမိဆီမှာ ရှိပြီးသား အဝတ်အစားတိုင်းနဲ့ လိုက်ဖက်မယ့် ရှူးဖိနပ်ကောင်းကောင်းတစ်ရံ ဝယ်ထားသင့်ပါတယ်။

ကြယ်သီးပေါက်ပါသော တီရှပ်

ကြယ်သီးပေါက်ပါတဲ့ တီရှပ်များကတော့ ဟောလီးဝုဒ်မင်းသားများသာမက ကမ္ဘာကျော်အားကစားသမားများပါမကျန် နှစ်ခြိုက်စွာ ဝတ်ဆင်နေကြတဲ့ အဝတ်အစားတစ်မျိုးပဲဖြစ်ပါတယ်။ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ ဖက်ရှင်တစ်မျိုးဆိုလည်း မမှားပါဘူး။

အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ

ယောကျာ်းဆန်ပြီး ကြည့်ကောင်းဖို့အတွက် ကူညီပေးတဲ့ဖက်ရှင်ကတော့ အဖြူရောင်ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဖက်ရှင်ပဲဖြစ်ပါတယ်။

ဗွီပုံသဏ္ဍာန် လည်ပင်းပေါက်ပါသော ဆွယ်တာအင်္ကျီများ

ဗွီပုံသဏ္ဍာန် လည်ပင်းပေါက်ရှိတဲ့ ဆွယ်တာအင်္ကျီတွေကို အမျိုးသမီးတွေတင် ကြိုက်တာမဟုတ်ပါဘူး။ အမျိုးသားတွေ ဝတ်ဆင်မယ်ဆိုရင်လည်း ဆွဲဆောင်မှုရှိပါတယ်ဆိုပြီး အမျိုးသမီးတွေက ဝန်ခံထားကြပါတယ်။

ရှပ်အင်္ကျီနဲ့ တွဲဝတ်နိုင်ပြီး အပြားသေးသော နက်ခ်တိုင်

ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်အထိ ကြပ်ကြပ်လေး ခေါက်တင်ထားကာ အပြားသေးသော နက်ခ်တိုင်နဲ့ တွဲဖက်လိုက်မယ်ဆိုရင် အမျိုးသမီးတွေရဲ့မျက်လုံးက သင့်ဆီကနေ ခွာမှာမဟုတ်တော့ပါဘူး။

ဦးထုပ်

ပူအိုက်တဲ့ ရာသီဥတုမှာ ဟိုနားဒီနားသွားဖို့အတွက်ဆိုရင် ဦးထုပ်တစ်လုံးကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ ဦးထုပ်ဆောင်းခြင်းက သင့်ကို ဖက်ရှင်ကျစေရုံသာမက နေလောင်ဒဏ်ကြောင့် သင့်ဆံကေသာ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှု

ဘယ်လောက်ပဲ ခေတ်မှီတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို ဝယ်သုံးနေပါစေ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘူးဆိုရင်တော့ အချည်းနှီးပါပဲ။ ဒါ့ကြောင့် ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးမယ်။ သုံးလတစ်ကြိမ်လောက် ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်စတိုင်လ် ပြောင်းလဲပါ။ မျက်နှာမှာ ဝက်ခြံမရှိအောင် ဂရုစိုက်ပါ။

အခုဖော်ပြသွားတဲ့အချက်တွေအားလုံးကို ကျင့်သုံးကြည့်မယ်ဆိုရင်တော့ စတိုင်လ်ကျလှပကာ ဆွဲဆောင်မှုရှိနေမှာပါ။

Source: Brightside.me