မကြာသေးခင်က လူတစ်ယောက်ဟာ သူ့ဇနီးနဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး ဒေါ်လာ ၃၅.၇ ဘီလျံပေးခဲ့ရပါတယ်။ သမိုင်းတစ်လျှောက်အကြီးမားဆုံး ဘီလျံနာတစ်ယောက်ရဲ့ အိမ်ထောင်ကွဲမှုကြီးလို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့အထိ ကြီးမားခဲ့ပေမယ့် ဘီဇော့စ်ကတော့ သက်ရှိထင်ရှား အချမ်းသာဆုံး လူသားအဖြစ် ရှိနေဆဲပါ။

Amazon တည်ထောင်သူနဲ့ CEO ဂျက်ဖ်ဘီဇော့စ်ဟာ ခန့်မှန်းခြေ ဒေါ်လာ ၁၂၁ ဘီလျံကျော် ကြွယ်ဝသူ ဖြစ်ပြီး သူ့ဇနီးဟောင်း မက္ကင်ဇီ ဘီဇော့နဲ့ လမ်းခွဲပြီး Amazon ရဲ့ ရှယ်ယာထဲက ၄% ( ဒေါ်လာ ၃၅.၇ ဘီလျံကျော်) ပေးလိုက်ရတဲ့အထိ ကမ္ဘာ့အချမ်းသာဆုံး နေရာမှာ ဆက်ရှိနေခဲ့သူပါ။ သူဟာ ဘီလ်ဂိတ်စ်ထက် ဒေါ်လာ ၁၆ ဘီလျံကျော် ချမ်းသာသူလည်း ဖြစ်ပါတယ်။

သူ့အကြောင်းထဲမှာ လူတွေ အသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တွေလည်း ရှိနေပါသေးတယ်။

(၁) Amazon ဝန်ထမ်းတွေလောက် လစာမကောင်းသူ

Source: Pexels

ဘီဇော့စ်ဟာ ဒေါ်လာ ၁၂၁ ဘီလျံကျော် ချမ်းသာတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြွယ်ဝမှုဟာ Amazon ရဲ့ ရှယ်ယာတွေဆီကနေ ဝင်တာပါ။ သူ့ ကုမ္ပဏီမှာ အလုပ်သင်ဆင်းတဲ့ ဝန်ထမ်းဟာ တစ်လကို ပျမ်းမျှ ၇၇၂၅ ဒေါ်လာ (တစ်နှစ် ဒေါ်လာ ၉၂၇၀၀) ရပေမယ့် သူ့ရဲ့ Annual Salary ကတော့ ဒေါ်လာ ၈၁၈၄၀ ပဲ ရှိပါတယ်။

ဆီယက်တဲလ်မှာ ဝန်ထမ်း ၄၅၀၀၀ ကျော် ခန့်ထားတဲ့ Amazon ရဲ့ အမြဲတမ်းဝန်ထမ်းတစ်ယောက်ဟာ မျှမ်းမျှ တစ်နှစ်ကို ဒေါ်လာ ၁၁၀၀၀၀ အထိ ရတယ်လို့ Glassdoor က ဖော်ပြထားပါတယ်။

(၂) တစ်စက္ကန့်ကို ဒေါ်လာ ၂၅၀၀ လောက် ဝင်နေသူ

Source: Freepik

Business Insider စစ်တမ်းအရ ဘီဇော့စ်ရဲ့ တစ်မိနစ် ဝင်ငွေဟာ ဒေါ်လာ ၁၄၉၃၅၃ ရတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ တစ်မိနစ်အတွင်း ဝင်တဲ့ ဝင်ငွေဟာ အမေရိကန်မှ လူလတ်တန်းစား အလုပ်သမားတစ်ယောက်ရဲ့ တစ်နှစ်တာ ဝင်ငွေ ၄၅၅၅၂ ဒေါ်လာရဲ့ ၃ ဆရှိတာပါပဲ။

(၃) ဇနီးဟောင်းကို ကမ္ဘာ့တတိယအချမ်းသာဆုံး အမျိုးသမီး ဘီလျံနာ ဖြစ်စေသူ

Source: Reuters

လင်မယားကွာရှင်းပြတ်စဲပြီးနောက် မက္ကင်ဇီဟာ L’Oreal ရဲ့ အမွေဆက်ခံသူ Françoise Bettencourt-Meyers နဲ့ Walmart လုပ်ငန်းစုကို ဆက်ခံသူ Alice Walton တို့ပြီးရင် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ Amazon ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ထမ်းဖြစ်တဲ့ မက္ကင်ဇီဟာ လက်ရှိမှာ ဒေါ်လာ ၃၈.၉ ဘီလျံခန့် ကြွယ်ဝပါတယ်။

(၄) အမေရိကန်ရဲ့ အကောင်းဆုံး တက္ကသိုလ် ၃ ခုကို အသာလေး ဝယ်နိုင်တဲ့သူ

Source: Pixabay

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေရဲ့ အဆင့်အတန်းသတ်မှတ်ချက်အရ ဟားဗတ်တက္ကသိုလ်ဟာ ဒေါ်လာ ၃၈.၃ ဘီလျံ တန်ပြီး တက္ကဆက်တက္ကသိုလ်နဲ့ ယေးလ်တက္ကသိုလ်တို့က ဒေါ်လာ ၃၀.၈၉ ဘီလျံနဲ့ ၂၉.၃၅ ဘီလျံတန်တယ်လို့ ဆိုပါတယ်။

ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၂၁ ဘီလျံနဲ့သာ ဒီတက္ကသိုလ် ၃ ခုကို ဝယ်မယ်ဆိုရင်တောင် အနည်းဆုံး ဒေါ်လာ ၂၂ ဘီလျံ လက်ထဲမှာ ကျန်နေဦးမှာပါ။

(၅) ဗြိတိန် တော်ဝင်မျိုးနွယ်တွေထက် ၃၈% နီးပါး ပိုချမ်းသာသူ

Source: Vice

ဗြိတိန် တော်ဝင် မိသားစုတစ်ခုလုံးရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၈၈ ဘီလျံခန့် ရှိမယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ ဘီဇော့စ်ရဲ့ ကြွယ်ဝမှုဟာ အန်ဂိုလာတစ်နိုင်ငံလုံးက ဝင်တဲ့ တစ်နှစ်တာ GDP နဲ့ အတူတူပါပဲ။ ရေနံထုတ်လုပ်မှုနဲ့ ရပ်တည် လည်ပတ်နေတဲ့ အန်ဂိုလာနိုင်ငံရဲ့ GDP ကလည်း ဒေါ်လာ ၁၂၁ ဘီလျံ ဖြစ်ပါတယ်။

(၆) သုံးနိုင်ငံ ဝင်ငွေပေါင်းထက် ချမ်းသာသူ

Source: Pixabay

အိုက်စလန် ၊ အာဖဂန်နစ္စတန်နဲ့ ကော်စတာရီကာတို့ရဲ့ GDP ဟာ ဒေါ်လာ ၃၁.၆ ဘီလျံ ၊ ဒေါ်လာ ၂၂.၉ ဘီလျံနဲ့ ဒေါ်လာ ၆၄.၈ ဘီလျံ ရှိပါတယ်။ ဒီနိုင်ငံ ၃ ခုရဲ့ GDP တွေ ပေါင်းရင်တောင် ဒေါ်လာ ၁၁၉.၃ ဘီလျံပဲ ရှိတာ ဖြစ်လို့ ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုကို မမှီပါဘူး။

(၇) အမေရိကန်က ဘွဲ့ရတစ်ယောက်ရဲ့ တစ်သက်စာ ရှာနိုင်သမျှကို ၁၅ မိနစ်အတွင်း ရှာနိုင်သူ

Source: Freepik

လူမှုလုံခြုံရေးစီမံဌာနရဲ့ စစ်တမ်းအရ ဘွဲ့ရ အမေရိကန်တစ်ယောက်ဟာ တစ်သက်လုံးမှာ ပျမ်းမျှအားဖြင့် ခန့်မှန်းခြေ ဒေါ်လာ ၂.၁၉ သန်း ရှာနိုင်တယ်လို့ ဆိုပါတယ်။ ဘီဇော့စ်ကတော့ ဒေါ်လာ ၂ သန်းကျော်ကို ၁၅ မိနစ်တည်းနဲ့ ရှာနိုင်သူပါ။ ပရင်စတန်တက္ကသိုလ်ကနေ ဘွဲရတဲ့ ဘီဇော့စ်ဟာ တစ်မိနစ်တိုင်းမှာ ဒေါ်လာ ၁၄၉၃၅၃ ခန့်ဝင်နေသူ ဖြစ်ပါတယ်။