အောင်မြင်မယ့်သူဟာ နဖူးမှာ စာပါလာတာ မဟုတ်တော့ လူတစ်ယောက် အောင်မြင်လာမယ်ဆိုတာ ဘယ်သူမှ ကြိုမမြင်နိုင်ကြပါဘူး။ ပြောနိုင်တာက အပွေးမြင်အပင်သိဆိုတဲ့ စကားအတိုင်း ကျိန်းသေပေါက် အောင်မြင်မယ့်သူမှာလည်း သူ့လက္ခဏာနဲ့ သူ ရှိကြပါတယ်။
(၁) ကိုယ်လိုချင်တာကို သိတဲ့သူ

Photo : Motion Array
ဘဝမှာ ဘာမှ မရသေးခင်ကတည်းက ကိုယ်လိုချင်တာ ဘယ်လိုအရာမျိုးလဲ တိတိကျကျ သိနေတာဟာ အောင်မြင်မှုလမ်းပေါ် တက်နေတာပါပဲ။ ပန်းတိုင်ကို ရောက်ဖို့ ပထမဆုံး ကိုယ်သွားမယ့်လမ်းအကြောင်းကို ကြေကြေညက်ညက် သိထားတဲ့သူဟာ သူသွားမယ့်လမ်းကို အစီအစဉ်တကျ ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်မှာပါ။
(၂) အရှုံးမပေးတတ်သူ

Photo : Reddit
တစ်ခါတစ်လေ ခေါင်းမာတယ်ထင်ရလောက်အောင် သူ့အမြင် သူ့ယုံကြည်ချက်ကို စွဲကိုင်ထားပြီး အကောင်အထည်ဖော်သူတွေကို ဘဝရဲ့ အောင်မြင်မှုစင်ထက်မှာ မြင်ရပါလိမ့်မယ်။ သူတို့ အမြင့်ကို ရောက်လာတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ သူတို့ ဘဝကလည်း ကျွန်တော်တို့လို ဒုက္ခတွေ ပြဿနာတွေ တစ်လှေကြီး ရှိခဲ့တာပါပဲ။ အရေးကြီးတာက အရှုံးမပေးလိုက်ဖို့ပါ။
(၃) အသွေးအသားထဲက ဖြစ်ချင်စိတ်ရှိသူ

Photo : West Vancouver Schools
Passion ဆိုတာ အလကားမဟုတ်ပါဘူး။ လူတိုင်းမှာ Passion ရှိချင်မှ ရှိမှာ ဖြစ်ပေမယ့် အောင်မြင်သူတိုင်းက Passion တစ်ခုခု ရှိတတ်ကြတာပါပဲ။ သူတို့ ဘဝကို လိုရာခရီးရောက်အောင် မောင်းနှင်ပေးတာလည်း ဒီ Passion ပဲ ဖြစ်ပါတယ်။
(၄) ပတ်ဝန်းကျင်ကနေ သင်ယူသူ

Photo : Zebra Wow
အောင်မြင်သူတွေဟာ ဘယ်နေရာရောက်ရောက် သူတို့ဟာ အများထက် ထင်ရှားနေတတ်ပါတယ်။ ဆရာကြီးလုပ်ပြီး နေတာ မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် နည်းဗျူဟာတွေကို ဆန်းသစ်ရင်း သူတို့ပတ်ဝန်းကျင်ဆီကနေ သင်ယူရင်း သူတို့ဟာ ထင်ရှားနေတာပါ။ နောက်တစ်ခုက သူတို့ဟာ သူများထက် အမြဲပဲ ပိုကြိုးစားသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ စံတွေကို ကျော်အောင် ကိုယ့်ဘာသာ တွန်းတင်နေသူတွေ ဖြစ်ပါတယ်။ အများထက်ပိုကြိုးစားတဲ့ ရလဒ်ကြောင့် သူ့ကို လူပိုသိလာပြီး သူ့အတွက်လည်း မရေမတွက်နိုင်တဲ့ အခွင့်အရေးတံခါးတွေ ပွင့်လာပါတယ်။
(၅) ဦးတည်ချက် ပြတ်သားသူ

Photo : Fortune
လူတော်တော်များများမှာ ဒါဇင်နဲ့ ချီတဲ့ ဦးတည်ရာတွေ ရှိကြပေမယ့် အောင်မြင်သူတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နဲ့အတူ ကိုယ်ပိုင် ဆုံးဖြတ်ထားတဲ့ လမ်းတစ်ခုပဲ ရှိပါတယ်။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဦးတည်ရာရှိလို့ သူတို့ကို အပျက်သဘောနဲ့ ဝေဖန်လို့လည်း နောက်မတွန့်သလို သူတို့အကျိုးအတွက် အပြုသဘောဆောင်ပြီး ပေးတဲ့ အကြံနဲ့ ဝေဖန်မှုကိုလည်း လက်ခံပြီး ပိုကောင်းအောင် ကြိုးစားတတ်ပါတယ်။
(၆) တင်ပြမှု ကျွမ်းကျင်သူ

Photo : nmafc.org
စတိုင်က စွမ်းအားပါ။ တင်ပြမှု ပုံစံကောင်းတစ်ခုဟာ ကိုယ့်အတွက် အခွင့်အလမ်းသစ်တွေကို ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်ဆိုတာကို အောင်မြင်သူတွေဟာ သိထားကြပါတယ်။ ဘာသာစကားအသုံးအနှုန်း ၊ ဝတ်ပုံစားပုံနဲ့ ကိုယ်ပိုင်ဟန်ကို Promote လုပ်ခြင်းဟာ အောင်မြင်သူတွေရဲ့ အလေ့တစ်ခု ဖြစ်ပါတယ်။
(၇) ထူးခြားသူ

Photo : mos
နောက်ဆုံးတစ်ခုက အောင်မြင်မယ့်သူဟာ တစ်ခြားသူတွေနဲ့ တစ်နည်းနည်း ကွဲပြားနေပါတယ်။ အထူးသဖြင့် သမိုင်းတွင်အောင်အထိ ပေါက်မြောက်ကျော်ကြားသူတွေမှာ သူတို့ရဲ့ ထူးခြားတဲ့ စရိုက်ရှိပါတယ်။ တကယ်လို့ ကိုယ့်မှာ အများနဲ့ မတူတဲ့ ခပ်ကြောင်ကြောင် ကိုယ်ပိုင်ပုံစံရှိနေရင် စိတ်မပူဖို့ပါ။
