နေ့စဉ်အလေ့အကျင့်တစ်ချို့ဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်လာနိုင်ပါတယ်။ လူတွေကို ဆွဲဆောင်နိုင်ခြင်းဟာ ဘဝတက်လမ်းအတွက် အခွင့်အလမ်းကောင်းတွေကို ဆွဲငင်လိုက်တာပါပဲ။ ဒီဆောင်းပါးမှာ ယောကျာ်းတစ်ယောက်ကို ဆွဲငင်အားကောင်းသူတစ်ယောက် ဖြစ်စေမယ့် နေ့စဉ် အကျင့်တစ်ချို့အကြောင်းကို ပြောပြသွားမှာပါ။

Photo : Freepik
(၁) လူ့သဘာဝက သူတို့ကို VIP အနေနဲ့ ဆက်ဆံသူကို သဘောကျကြပါတယ်။ သူတို့ရဲ့ နာမည်ကို ခေါ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ပါ။ Facebook လို နေရာမျိုးမှာလည်း Comment / Reaction တွေကို ပေးတဲ့အခါမှာ သတိထားသင့်ပါတယ်။ အခုခေတ်မှာ Social Media တွေဟာ လူတွေရဲ့ ဒုတိယကမ္ဘာ ဖြစ်လာပါတယ်။ ဒီနေရာကို ကောင်းကောင်း အသုံးချပါ။
(၂) အာရောဂျံ ပရမံလာဘံဆိုတာ အလကားမဟုတ်ပါဘူး။ ကျန်းမာမှ အသားအရည်နဲ့ ရုပ်အဆင်း ကြည်လင်ပြီး နေ့စဉ်ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါတယ်။ ကျန်းမာတဲ့ နေနည်း ၊ စားနည်း အလေ့အကျင့် လုပ်ထားပါ။ အသက်ကြီးတဲ့ အထိ ရွယ်တူတန်းတူများ အကြားမှာ ထင်ပေါ်နေမှာပါ။

Photo : Freepik
(၃) ခံတွင်းနံ့က လူတစ်ယောက်ရဲ့ အဆင်းသဏ္ဍာန်ကို ဖျက်ဆီးနိုင်တဲ့ ပြဿနာရှိပါတယ်။ အသားအစားများတာ ၊ ဝမ်းချုပ်ပြီး ရေသောက်နည်းတာတွေ အပြင် ကော်ဖီ ၊ ကြက်သွန်ဖြူစားတာ ၊ ကွမ်းဝါးတာတွေက ခံတွင်းနံ့ဆိုးနိုင်ပါတယ်။ ခံတွင်းနံ့ ဆိုးတာကြောင့် ရုပ်အဆင်း သားနားသူတောင် ဆွဲဆောင်မှု ညံ့ဖျဉ်းသွားပါလိမ့်မယ်။ ဒီတော့ ၆ လတစ်ခါ သွားဆေးခန်းသွားပြီး သွားကျန်းမာရေး ဂရုစိုက်ပေးသင့်ပါတယ်။ အလားတူပဲ မျက်နာနဲ့ အသားအရေကို မပျက်စီးအောင် ကာကွယ်စောင့်ရှောက်သင့်ပါတယ်။
(၄) Workout လုပ်တာဟာ ကြွက်သားတင်းရင်းပြီး ကိုယ်လက်ဖွဲ့စည်းမှု လှပတာကြောင့် တော်တန်ရုံ ရုပ်မချောသူတောင် ကြည့်ကောင်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ခွန်အားပိုကောင်းလာစေမှာ ဖြစ်ပြီး နေ့စဉ်ဘဝကို သွက်လက် တက်ကြွစွာ ဖြတ်သန်းနိုင်မှာပါ။
(၅) အနားယူမှုဟာ ရုပ်နုပျိုစေတဲ့ အကြောင်းထဲမှာ ပါပါတယ်။ တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီအထိ နားပါ။ တရားထိုင်ခြင်း ၊ ယောဂလုပ်ခြင်းကတော့ Deep Rest ဖြစ်စေတာကြောင့် စိတ်နဲ့ ခန္ဓာကိုယ် ပိုပြီး ငြိမ်းအေး ချမ်းသာရပြီး ရုပ်ရည်နဲ့ လှုပ်ရှားမှုပါ တည်ငြိမ်အေးချမ်းလာမှာ ဖြစ်ပါတယ်။

Photo : Freepik
(၆) ရှက်တတ်တဲ့ အမှုအယာဟာ လူရဲ့ ရုပ်ရည်ကိုပါ ထိခိုက်နိုင်ပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောရင် အသံ အနိမ့်အမြင့် ကောင်းအောင် စကားဆိုတတ်ဖို့ ၊ စိတ်အေးအေးချမ်းချမ်းနဲ့ အေးအေးလူလူ စကားပြောတတ်ဖို့ လိုပါတယ်။ ဒါက တစ်ဖက်လူအနေနဲ့ ကိုယ့်ကို စကားပြောရတာ စိတ်ချမ်းသာစရာဖြစ်စေသလို ကိုယ့်အပေါ်မှာလည်း လေးစားမှု ရှိလာမှာပါ။
(၇) ရင်ဖွင့်ပြီး နေတတ်ပါစေ။ လမ်းလျှောက်ရာမှာ ၊ ဒီအတိုင်း ရပ်နေရာမှာ ကုပ်ချောင်းချောင်း မဖြစ်စေဘဲ ယုံကြည်သူတစ်ယောက်ရဲ့ ပုံစံအတိုင်း အေးဆေးသက်သာတဲ့ သွားနည်း ၊ ရပ်နည်းနဲ့ သွားလာပါ။
