အလုပ်နဲ့ သွားရတဲ့ ခရီးဆိုတာ ပျော်စရာတော့ မကောင်းပါဘူး။ တစ်ချို့အလုပ်ခရီးစဉ်တွေဆို အတော်လေးကို စိတ်ဖိစီးရပါတယ်။ လေယာဉ်အဆင်မှ ပြေပါ့မလား ၊ တည်းရတဲ့ ဟိုတယ်ကရော ဘယ်နှယ့်နေပါ့မလဲ ၊ ဘာသာစကားပြဿနာကိုလည်း ထည့်တွက်ရသေး ၊ ခရီးစဉ်အတွင်း သတ်မှတ်ရက်အတိုင်း အလုပ်ပြီးပါ့မလား စတာတွေကို စိုးရိမ်တဲ့ အဖြစ်ကို Business Trip Anxiety လို့ ခေါ်နိုင်ပါတယ်။

Business Trip Anxiety ဟာ ရှောင်လို့မရတဲ့ ကိစ္စဖြစ်တော့ ဒီပြဿနာကို တတ်နိုင်သမျှ လျော့ပါးအောင် ဖြေရှင်းဖို့နည်းလမ်းလေးတွေ သိထားသင့်ပါတယ်။

(၁) ခရီးစဉ် အစီအစဉ်ဆွဲပါ

Source: Pexels

သွားမယ့် ခရီးအတွက် စနစ်ကျတဲ့ အစီအစဉ်တစ်ခု မရှိရင် ပိုပြီး စိတ်ပူရပါတယ်။ ကိုယ်စီးမယ့် လေယာဉ် ၊ ကား ၊ ရထားတွေရဲ့ လမ်းကြောင်းတွေ ၊ တည်းမယ့်ဟိုတယ်တွေ စုံစမ်း ချိတ်ဆက်တာနဲ့ အရေးတကြီး ဆက်သွယ်ရမယ့် လူနဲ့ လိပ်စာတွေ အကုန်ကို စနစ်တကျ စီစဉ်ထားသင့်ပါတယ်။ ခရီးစဉ် အဆင်ပြေတာ သေချာစေဖို့ ကိုယ်သွားမယ့်နေရာရဲ့ ရာသီဥတု အခြေအနေ ၊ သွားရေးလာရေးနဲ့ တစ်ခြား စိတ်ဝင်စားစရာ အချက်အလက်တွေကို အင်တာနက်ကနေ ရှာပြီး လေ့လာထားသင့်ပါတယ်။

(၂) ကြိုတင် Booking လုပ်ပါ

Source: Pexels

တည်းမယ့် ဟိုတယ် ၊ စီးမယ့် ကား ၊ ရထားတွေကို တစ်ခါတည်း ချိတ်ပြီး Booking တင်ထားတာ က ခရီးလမ်းချောမွေ့ဖို့ ပိုလွယ်စေပါတယ်။ ဒါဟာ အလုပ်ရှုပ်လည်း သက်သာသွားသလို ခရီးစဉ်တစ်လျှောက်မှာလည်း စိတ်ပင်ပန်းမှု နည်းစေပါတယ်။

(၃) ခရီးသွား Apps များ ထည့်ထားပါ

Source: Pexels

ဖုန်းနဲ့ ခရီးသွားလမ်းညွှန်ချက်တွေ ကြည့်နိုင်မယ့် Travel Apps တွေ ထည့်ထားတာ အဆင်ပြေပါတယ်။ ဥပမာ- လေယာဉ်ခရီးစဉ်ဆိုရင် United Airline’s App လို လေကြောင်းလိုင်း အက်ပလီကေးရှင်းတွေ ထည့်ထားမယ်ဆိုရင် ဘယ်အချိန်မှာ ဘယ်လေယာဉ် ဘယ်ကို ပျံမယ် ဆိုတာ သိနိုင်သလို ကိုယ့်အနေနဲ့ အခက်အခဲရှိရင်လည်း ဆက်သွယ်လို့ရမယ့် လိပ်စာနဲ့ လေကြောင်းခရီးစဉ်အကြောင်း အချက်အလက်နဲ့ အသိပေးမှုတွေကို Update သိနိုင်မှာ ဖြစ်ပါတယ်။

(၄) အနားယူနည်းလည်း သိပါစေ

Source: Pexels

နာရီအကြာကြီး ကားတွေ ၊ ရထားတွေ စီးရမယ်ဆိုရင် သွားရင်းလာရင်း ကိုယ့်ကိုယ်ကို သက်သာအောင် အနားယူတတ်ဖို့လည်း လုပ်ထားသင့်ပါတယ်။ လေယာဉ်မှာဆို အကြာကြီး ထိုင်တာထက် ခဏခဏ လမ်းလျှောက်တာ ၊ ရေသောက်ပြီး အိမ်သာဝင်တာတွေ လုပ်ပေးမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှု ရှိလို့ ခရီးပန်းတဲ့ ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ထဲ ပျင်းတယ်ခံစားရလာရင် သီချင်းလေး ဘာလေး နားကြပ်နဲ့ တပ်နားထောင် ၊ အသက်ရှုလေ့ကျင့်ခန်းလေး ဘာလေးလုပ်ပြီး စိတ်နဲ့ ကိုယ်ကို အကြောလျှော့သင့်ပါတယ်။

(၅) အရက်နဲ့ ကော်ဖီရှောင်ပါ

Source: economictimes.indiatimes.com

ခရီးသွားနေစဉ်မှာ အရက်သောက်တာဟာ အန္တရာယ်များပါတယ်။ မလုံခြုံတဲ့ နေရာတစ်ခု ၊ ကိုယ့်ကိုယ်ကို ဂရုစိုက် စောင့်ရှောက်နေရတဲ့ အချိန်မှာ သတိလက်လွတ်ဖြစ်နေတာကိုက တကယ့်ကို မှားယွင်းတဲ့ လုပ်ရပ်ပါ။ ဒါ့အပြင် အရက်ကြောင့် ကိုယ့်ဘေးက ခရီးသွားဖော်ကို စိတ်အနှောင့်အယှက်ပိုဖြစ်စေနိုင်ပါတယ်။ ကော်ဖီကတော့ သောက်ထားရင် အိပ်ရေးပျက်တတ်တာကြောင့် ညခရီးထွက်တဲ့ အချိန်မှာ လူကို ပိုပြီး နှုံးစေပါတယ်။

ဒီအချက်တွေကို ဂရုစိုက်မယ်ဆိုရင် အလုပ်နဲ့ပဲ ခရီးသွားသွား ၊ မိသားစုနဲ့အတူ အပျော်ပဲခရီးထွက်ထွက် စိတ်ရှုပ်စိတ်ပျက်စရာတွေ အဖြစ်နည်းပါလိမ့်မယ်။