Self-Confidence ရဲ့ အရေးပါမှုကို ကျွန်တော်တို့ အားလုံး အနည်းနဲ့ အများဆိုသလို သိပြီးသားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့သူဟာ မချောရင်တောင် ကြည့်ရတာ ဆွဲဆောင်မှု ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ လက်ခံထားကြပြီးသား ဖြစ်ပါတယ်။

Self-Confidence ပေါ်မှာ သက်ရောက်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ ကိုယ့်မှာ ထူးခြားတဲ့ ပင်ကိုယ်ဗီဇ ၊ ဉာဏ်ရည်ဉာဏ်သွေး ၊ လူမှုဆက်ဆံရေး ၊ စိတ်နေစိတ်ထားနဲ့ ပညာအရည်အချင်း စသည်ဖြင့် အကြောင်းရင်းတွေ ရှိနေပါတယ်။ ဒီထဲမှာ ဝတ်စားဆင်ယင်မှုဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။

Photo: Unsplash

Wahl Clipper ကော်ပိုရေးရှင်းဟာ YouGov အင်တာနက်စစ်တမ်းကုမ္ပဏီကနေ ထုတ်ပြန်လိုက်တဲ့ သုတေသနလေ့လာမှုရလဒ်တွေကို ကြေညာရာမှာ အမျိုးသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေါ် အကြီးအကျယ် လွှမ်းမိုးနေတဲ့အရာကိုပါ ဖော်ပြခဲ့ပါတယ်။ YouGov ဟာ ခေတ်သစ်နေ့စဉ် တစ်ကိုယ်ရည် ပြုပြင်နေထိုင်မှုနဲ့ သူတို့ရဲ့ကိုယ်နဲ့ စိတ်ပေါ် သက်ရောက်မှုကို လေ့လာခဲ့တာပါ။

လေ့လာမှုအရ တစ်ကိုယ်ရည်ဝတ်စားဆင်ယင် ပြုပြင်နေထိုင်ခြင်းဟာ လူရဲ့ အသွင်အပြင်နဲ့ ခံစားမှုပေါ် အတော်ကြီးကို သက်ရောက်နေတယ်လို့ ဆိုပါတယ်။ သုတေသနအရ အမျိုးသားထုရဲ့ ၈၁% ဟာ ဆံပင်ညှပ်ခြင်း မုတ်ဆိတ်ရိတ်သင်ခြင်း ပြုပြင်ပြီးနောက် ၂ ပတ်အတွင်းမှာ ယုံကြည်မှုအမြင့်ဆုံး ရကြတယ်လို့ ဖော်ပြထားပါတယ်။

ဆံပင်ညှပ်ပြီး တစ်လကျော်အကြာမှာတော့ အမျိုးသားတွေရဲ့ ၇၀% ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းသွားတယ်လို့ ဆိုပါတယ်။ လေ့လာမှုအရ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံ ၃၂% ဟာ စိန်ခေါ်မှုရှိတဲ့ အလုပ်အခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရဖို့အတွက် ဆံပင်ပုံစံသစ် ညှပ်ကြတယ်လို့ ဆိုပါတယ်။

Photo: Unsplash

အမျိုးသား ၁၀ ယောက်မှာ ၈ ယောက်ဟာ ဆံပင်ပုံစံပြောင်းပြီးတိုင်း လူမှုဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိလာတတ်တယ်လို့လည်း သုတေသနရလဒ်တွေက ဖော်ပြနေပါတယ်။ ဒီသုတေသနအရဆိုရင်တော့ ဆံပင်ပုံစံဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း မရှိခြင်းကို ဆုံးဖြတ်ပေးနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆံပင်ပုံစံပြောင်းလိုက်တိုင်း စိတ်ပါ ပြောင်းသွားတာကတော့ အတော်များများ ခံစားမိကြမှာပါ။ ဒါ့ကြောင့် ဆံပင်ပုံစံဟာ စိတ်ခံစားချက်ပေါ်ပါ လွှမ်းမိုးနိုင်တယ်ဆိုတာ သိသာနေပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိခြင်းအပေါ်မှာလည်း ဆံပင်တွေက ဩဇာသက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုရမှာပါ။