စက်ဘီးစီးခြင်းက အားကစားတစ်ခုဖြစ်တဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာကတော့ စာဖတ်သူတို့ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ယေဘုယျခြုံငုံပြီးပဲ သိထားတာဖြစ်တဲ့အတွက်ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီးသွားတဲ့အခါမှာတော့ စက်ဘီးစီးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးအသေးစိတ်တွေကို သိရှိသွားမှာပဲဖြစ်ပါတယ်။

စက်ဘီးစီးခြင်းက စိတ်ကျန်းမားရေးကို မြှင့်တင်ပေးတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်ထဲရှိ အဒရီနယ်ကလင်းနဲ့ Endorphin ဟော်မုန်းများ ထုတ်လွှတ်ပေးပြီး မိမိကိုယ်ကို ယုံကြည်ချက်တိုးမြှင့်စေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

ကိုယ်အလေးချိန်တက်နေတဲ့သူတွေအတွက် ဝိတ်ကျစေပြီး ပိန်လွန်းတဲ့သူတွေအတွက် ကိုယ်အလေးချိန်ထိန်းညှိပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ စက်ဘီးစီးခြင်းကြောင့် ကယ်လိုရီလောင်ကျွမ်းမှာဖြစ်ပြီး အစားအသောက်ကို ညီညွှတ်မျှတစွာစားသုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အချိုးအစားညီညွှတ်မျှတနေမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်ကြွက်သားတွေကို တောင့်တင်းသန်မာစေခြင်း

အောက်ပိုင်းထိုင်တဲ့လေ့ကျင့်ခန်း မဆော့ချင်တဲ့သူတွေအနေနဲ့ကတော့ စက်ဘီးစီးလေ့ကျင့်ခန်းသာပြုလုပ်ပေးလိုက်ပါ။ စက်ဘီးစီးခြင်းကြောင့် ခြေသလုံးကြွက်သားနဲ့ ပေါင်ကြွက်သားများ ကျစ်လျစ်တောင့်တင်းနေမှာပဲဖြစ်ပါတယ်။

အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

တစ်နေရာကနေ အခြားတစ်နေရာကို စက်ဘီးစီးရင်းသွားတဲ့သူတွေက ကားနဲ့သွားတဲ့သူတွေထက် မသန့်ရှင်းတဲ့မီးခိုးငွေ့တွေကို ရှုရှိုက်နေရခြင်း ဘေးအန္တရာယ်မှ လျော့နည်းကြပါတယ်။ လေ့လာချက်အရ ကားမောင်းသမားတွေက စက်ဘီးစီးတဲ့သူတွေထက် လေထုညစ်ညမ်းမှုကို ငါးဆလောက် မြင့်မားစွာခံစားကြရပါတယ်။

နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း

စက်ဘီးစီးခြင်းက ကယ်လိုရီများကို လောင်ကျွမ်းပေးတာကြောင့် အဝလွန်ခြင်းရောဂါမခံစားရအောင် ကူညီပေးပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် နှလုံးကျန်းမာရေးအတွက် စိတ်ပူစရာမလိုပါဘူး။ လေ့လာချက်အရ စက်ဘီးစီးရင်း ရုံးတက်တဲ့သူတွေက နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို တစ်ဝက်ခန့် လျော့ချပြီးသားဖြစ်တယ်လို့ သိရှိရပါတယ်။

အချိန်ကုန်လည်း သက်သာစေခြင်း

၂၄ နာရီလုံးလုံး ကားလမ်းတွေပိတ်နေတဲ့ ရန်ကုန်မြို့ကြီးမှာ စက်ဘီးနဲ့ သွားလာခြင်းက အချိန်ကုန်သက်သာစေပါတယ်။ အိမ်ကနေ ကားဂိတ်ကို လမ်းလျှောက်သွားလိုက်၊ ကားဂိတ်မှာ ကားအကြာကြီးစောင့်စီးရလိုက်၊ ဟော… ကားပေါ်ရောက်တော့လည်း မီးပွိုင့်တွေ တစ်ခုပြီးတစ်ခုမိလိုက်နဲ့ အချိန်ကုန်ပါတယ်။ စက်ဘီးပဲ စီးသွားလိုက်ရအောင်။

ကောင်းစွာ အိပ်စက်အနားယူနိုင်ခြင်း

မနက်ပိုင်း (သို့) ညနေစောင်းအချိန်မှာ စက်ဘီးထွက်စီးထားတော့ ညဘက်အိပ်စက်အနားယူတဲ့အခါ အိပ်မရဘဲ မျက်စိကြောင်နေမှာမဟုတ်တော့ပါဘူး။ စွမ်းအင်တွေကို အသုံးပြုထားရတဲ့အတွက်ကြောင့် စွမ်းအင်တွေ ပြန်လည်ပြည့်သွားအောင်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေမှာပဲဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ရာသီဥတုအပြောင်းအလဲမှာ အအေးမိ ဖျားနာကိုက်ခဲခြင်း၊ မကြာခဏ ကျန်းမာရေးအားနည်းပြီး ချူချာခြင်းတို့မှ ကင်းဝေးစေဖို့အတွက် စက်ဘီးစီးခြင်းက ကူညီပေးပါတယ်။ စက်ဘီးစီးမှ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကို တိုးမြှင့်စေပြီး အိပ်ပျော်နေတဲ့သွေးဖြူဥဆဲလ်လေးတွေကိုလည်း လှုပ်နှိုးပေးလိုက်တာကြောင့် မကြာခဏနေမကောင်းဖြစ်မှာမဟုတ်တော့ပါဘူး။

Source: Cyclingweekly.com