ကမ္ဘာပေါ်မှာ လူသိအများဆုံး မနက်ခင်းသောက်စရာတစ်မျိုးကတော့ ကော်ဖီပါ။ ဘယ်လူမျိုး ဘယ်ဘာသာမဆို သောက်သုံးနိုင်တဲ့ ကော်ဖီဟာ အခုဆို ပိုပြီး လူကြိုက်များလာသလို ကော်ဖီဈေးကွက်နဲ့ ယဉ်ကျေးမှုကလည်း အတော်လေးကို တာသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကော်ဖီအကြောင်း မသိတာတွေမှ အများကြီးပါ။ အခု ဒီဆောင်းပါးမှာ လူသိနည်းတဲ့ ကော်ဖီရဲ့ ထူးခြားတဲ့ အချက် ၈ ချက်အကြောင်း ဖော်ပြထားပါတယ်။

(၁) ကော်ဖီဟာ အီသီယိုးပီးယားမှာ စတင်တွေ့ရှိခဲ့တာပါ

Source: County Government of Nakuru

ကော်ဖီကို ဘယ်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ဝိဝါဒကွဲတာတွေရှိပေမယ့် အခိုင်အမာပြောနိုင်တာက အီသီယိုးပီးယားမှ ဆိတ်ကျောင်းသမားတစ်ဦးက စတင်တွေ့ခဲ့တာဆိုတာက အထင်ရှားဆုံး ဖြစ်ပါတယ်။ ဒီဆိတ်ကျောင်းသမားဟာ သူ့ဆိတ်တွေ ကော်ဖီစေ့ စားပြီးနောက် အရင်နဲ့ မတူဘဲ တက်ကြွနေတာ စတင် သတိထားမိရာကနေ ဒီနေ့ချိန်မှာ ကော်ဖီစေ့ကို စေ့စေ့စပ်စပ် သုတေသနပြု ထုတ်လုပ်ဖျော်စပ်လာခဲ့တာပါ။

(၂) ကော်ဖီစေ့တွေဟာ အရောင်ပြောင်းမှု ၃ ဆင့် ရှိပါတယ်

Source: CityHill Church

ကျွန်တော်တို့ တော်တော်များများက ကော်ဖီစေ့ဟာ အညိုရောင်ပဲ ရှိတယ်လို့ သိထားပေမယ့် တကယ်တမ်းမှာ ကော်ဖီစေ့တွေ အရောင်ပြောင်းတဲ့ အဆင့် ၃ ဆင့် ရှိပါတယ်။ စစချင်းမှာ ဘယ်ရီပုံစံ အခွံမာမာနဲ့ လာပြီး အရောင်က အနီရောင်ပါ။ ဒီအခွံမာကို ခွာမယ်ဆိုရင် အထဲမှာ အစိမ်ရောင်ရှိတာ မြင်ရမှာပါ။ ဒါကြောင့်ပဲ ကော်ဖီစေ့တွေ သိမ်းတဲ့အချိန်မှာ အစိမ်းရင့်ရောင်အနေနဲ့ တွေ့ရပြီး တာရှည်အထားခံအောင် အခြောက်လှမ်းတာ လှော်တာ လုပ်မှ အညိုရောင်ဖြစ်သွားပါတယ်။ ကော်ဖီစေ့ခြောက်တွေဟာ နှစ်နှစ်အထိ အထားခံပြီး သူတို့ကို အပူချိန် ၂၅၀ ဒီဂရီ ဖာရင်ဟိုက်မှာ ၁၅ မိနစ် ကြာအောင် လှော်ရပါတယ်။ ဒီကနေမှ အညိုရောင်ပြောင်းသွားတာ ဖြစ်ပါတယ်။

(၃) လူထက် သက်တမ်းပိုရှည်တဲ့ သစ်ပင်ဖြစ်ပါတယ်

Source: Discount Hawaiian Gifts

လူတစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်းကို ၈၁ နှစ်ထားမယ်ဆိုရင် ကော်ဖီပင်က လူ့ထက် အများကြီး သက်တမ်းရှည်ရှည်နေနိုင်တဲ့ အပင်လို့ ပြောရမှာပါ။ကော်ဖီကတော့ ရာစုနှစ် ၂ ခု အထိ သက်တမ်းခံတဲ့ သက်တမ်းရင့် သစ်ပင်ဖြစ်ပြီး ၈ နှစ်သားမှာ ကော်ဖီစေ့စတင် ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

(၄) အလှအပထုတ်ကုန်တွေမှာ ကော်ဖီကို သုံးပါတယ်

Source: Food Matters

ကော်ဖီဟာ အသားအရအတွက် ကောင်းကျိုးများတယ်ဆိုတာ သိသူနည်းပါတယ်။ ကော်ဖီဟာ သွေးလည်ပတ်မှု ကောင်းရုံတင်မဟုတ်ဘဲ အသားအရေကို နူးညံ့စေပါတယ်။ ကော်ဖီနဲ့လုပ်တဲ့ အသားအရေထိန်းတဲ့ လိုးရှင်းတွေဟာ မျက်နှာအတွက်ရော ခန္ဓာတစ်ကိုယ်လုံးအတွက်ပါ သုံးနိုင်ပါတယ်။ ဈေးကွက်ထဲမှာလည်း ကော်ဖီနဲ့ ထုတ်ထားတဲ့ Lotion မျိုးစုံကို တွေ့နိုင်မှာပါ။

(၅) ကော်ဖီအနံဟာ ၂ မိနစ်ပဲ ခံပါတယ်

Source: AARP

ကော်ဖီခွက်တစ်ခွက်ထဲက တကယ့် ကော်ဖီရဲ့ အနံ့ ဟာ ၂ မိနစ်ကြာပြီးရင် ပျောက်သွားပါမယ်။ ၁၅ မိနစ်လောက်ကြာရင် အနံ့တောင် ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကော်ဖီဆို ပူတုန်း သောက်တာ အမှန်ဆုံးပါ။

(၆) ဝိုင်ထက်တောင် အမျိုးအစား ပိုများပါတယ်

Source: thedailymeal.com

ကော်ဖီအမျိုးအမည်ကို လူတော်တော်များများက ၅ မျိုး ၁၀ မျိုးထက် မပြောနိုင်ကြပါဘူး။ တကယ်တမ်းမှာတော့ ကော်ဖီကို အနံ့နဲ့ အမျိုးအစား ခွဲရာမှာ အနံ့ပေါင်း ၁၅၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဝိုင်လို နာမည်ကြီး အဖျော်ယမကာမှာတောင် အမျိုး ၂၀၀ လောက်ပဲ ရှိတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

(၇) အသင့်ဖျော်ကော်ဖီတွေ ပေါ်လာတာ နှစ် ၂၅၀ ကျော်ပါပြီ

Source: The Homemakers Journal

များသောအားဖြင့် Instant စားသောက်ကုန်တွေ ပေါ်လာတာ သိပ်မကြာသေးဘူး ထင်ကြပေမယ့် Instant Coffee နည်းပညာမူပိုင်ခွင့်တွေကို ၁၉၁၀ ကတည်းက အမေရိကန်မှာ တင်ထားခဲ့တာပါ။ ကမ္ဘာနဲ့ချီပြီး ကြည့်မယ်ဆိုရင် အနည်းဆုံး နှစ်ပေါင်း ၂၀၀ ကျော်ပြီ ဖြစ်ပါတယ်။

(၈) ကော်ဖီတစ်ခုရဲ့ အရသာမှာ ကော်ဖီကြိတ်တာက အသက်ပါ

Source: Black Velvet Coffee Roasters

ကော်ဖီဆိုင်တိုင်းမှာ ကော်ဖီစေ့ကြိတ်တဲ့ စက်ရှိတာ သတိထားမိမှာပါ။ အကြောင်းက ကော်ဖီကြိတ်စက်တွေက ကော်ဖီတစ်ခွက်ကို အရသာရှိစေမယ့် လျှို့ဝှက်ချက်ဖြစ်နေလို့ပါ။ ကော်ဖီစေ့ရှိတယ် ၊ ကော်ဖီကြိတ်စက်လည်း ရှိတယ်ဆိုရင် Instant Coffee ဝယ်သောက်မယ့်အစား ကိုယ်တိုင် ကော်ဖီထ ဖျော်လိုက်တာက ပိုပြီး အရသာရှိနေမှာ ဖြစ်ပါတယ်။