အခုခေတ်လူငယ်တွေ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုဒဏ်ကိုဖြေဖျောက်လေ့ရှိတဲ့ နည်းလမ်းကောင်းလေးတစ်ခုကတော့ သီချင်းသံတွေကြားထဲမှာ မြူးတူးကခုန်ခြင်းပဲဖြစ်ပါတယ်။ ခေတ်လူငယ်တွေရဲ့ အကြိုက်ဆုံး ဂီတပွဲတော်တွေထဲမှာ EDM ပွဲကလည်း တစ်ခုအပါအဝင်ပါပဲ။

စာဖတ်သူတွေထဲမှာ EDM ချစ်သူတွေ ဘယ်နှစ်ယောက်လောက် ပါမလဲမသိဘူးနော်။ အမိုက်စား အလန်းစား EDM ပွဲတွေ အမြောက်အမြားရှိပေမယ့် ကမ္ဘာ့အကြီးဆုံးနဲ့အကောင်းဆုံး EDM ပွဲတော်တွေကို ဖော်ပြပေးလိုက်ပါတယ်။ EDM ချစ်သူတွေ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

Tomorrowland

EDM နဲ့ သိပ်မရင်းနှီးတဲ့ လူငယ်တွေတောင် Tomorrowland ဆိုတဲ့ နာမည်ကို ကြားဖူးနားဝရှိကြပါတယ်။ လက်မှတ်စတင်ရောင်းပြီလို့ ကြေငြာလိုက်တာနဲ့တစ်ပြိုင်နက် မိနစ်ပိုင်းအတွင်း လက်မှတ်ချက်ချင်းကုန်သွားတဲ့ပွဲဆိုလည်း မမှားပါဘူး။ Tomorrowland က EDM ချစ်သူတွေရဲ့ နှုတ်ခမ်းဖျားထက်မှာ တော်တော်လေးကို ရေပန်းစားပါတယ်။ ဒီပွဲကိုတော့ ဇူလိုင်လမှာ အများဆုံးကျင်းပလေ့ရှိပြီး David Guetta ၊ Martin Garrix ၊ Armin စတဲ့ ကျော်ကြားသောအနုပညာရှင်များအပြင် နိုင်ငံတကာမှ ထင်ရှားကျော်ကြားတဲ့ ဒီဂျေများ၊ Music ပရိုဂျူဆာများ တက်ရောက်ဖျော်ဖြေပေးလေ့ရှိပါတယ်။

Electric Daisy Carnival

မြောက်အမေရိကမှာ ကျင်းပလေ့ရှိတဲ့ အခမ်းနားအကြီးကျယ်ဆုံး ဂီတပွဲတော်ကိုပြောပါဆိုရင်တော့ Electric Daisy Carnival ကို ညွှန်းရမှာပဲ။ အဲ့ဒီပွဲမှာ လာရောက်ပျော်ပါးကြတဲ့ ဂီတချစ်သူပေါင်းကတော့ ၃ သိန်းကျော်လောက်ရှိပါတယ်။ ဒီပွဲကို လာရောက်ဖျော်ဖြေပေးလေ့ရှိတဲ့ ပညာရှင်တွေကတော့ နာမည်ကြီး ဒီဂျေသမားတွေဖြစ်တဲ့ Afrojack ၊ Kaskade ၊ Tiesto ၊ David Guetta နဲ့ Steve Aoki တို့ပဲဖြစ်ပါတယ်။

Sensation

Sensation လို့ အမည်ရတဲ့ ဂီတပွဲတော်ကို စတင်ကျင်းပတဲ့နေရာကတော့ Miami မြို့ပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ တဖြည်းဖြည်းလူသိများလာပြီးတော့ Amsterdam ကနေ ပိုလန်၊ ပိုလန်ကနေ စပိန်၊ သြစတြေးလျ၊ ဂျာမနီ၊ Chile နဲ့ အိန္ဒိယတို့မှာပါ ကျင်းပလာခဲ့ကြပါတယ်။ ဂီတချစ်ပရိသတ်တွေအတွက် သီချင်းကောင်းကောင်း၊ သံစဉ်အမိုက်စားတွေကို ဆောင်ကျဉ်းပေးတဲ့အပြင် ဂီတနဲ့စီးမျောကခုန်လို့ကောင်းအောင်ဆိုပြီး ပြင်ဆင်ပေးထားတဲ့ ဆက်တင်အပြင်အဆင်ကလည်း သြချရလောက်ပါတယ်။

Ultra Music Festival

အမေရိကန်နိုင်ငံရဲ့အကြီးဆုံး ဂီတပွဲတော်ကြီးက ဘာလဲလို့မေးလာခဲ့ရင်Ultra Muscis Festival လို့ပဲဖြေရမှာပါပဲ။ သူက ပွဲမှာ လာရောက်မပျော်ပါးနိုင်တဲ့သူတွေအတွက် YouTube ကနေလည်း တိုက်ရိုက်ကြည့်လို့ရအောင် လိုက်ဖ်လွှင့်ပေးပါသေးတယ်။ ဒီပွဲတော် စတင်ကျင်းပတဲ့နေရာကလည်း Miami ပဲဖြစ်ပါတယ်။ ကြည့်ရတာ Miami မြို့သားတွေက ဂီတပျော်ပွဲရွှင်ပွဲတွေကို နှစ်သက်ကြတယ်နဲ့တူပါတယ်။ David Guetta ၊ Deadmau5 နဲ့ Tiesto တို့က ပင်တိုင်စံ လာရောက်ဖျော်ဖြေပေးကြသူတွေပေါ့။

Global Gathering

နှစ်စဉ်နှစ်တိုင်းမှာ နိုင်ငံတော်တော်များများက ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်ပဲဖြစ်ပါတယ်။ တစ်ခါကျင်းပရင် ၂ ရက် ကျင်းပလေ့ရှိပါတယ်။ နာမည်ကြီး ဒီဂျေသမား Armin Van Buuren ကတော့ Global Gathering ပွဲက ဂီတပွဲတော်တွေထဲက အကောင်းဆုံးဂီတပွဲတော်တစ်ခုဖြစ်တယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

Electric Zoo

နယူးယော့ခ်မြို့လယ်မှာတည်ရှိတဲ့ Randall ကျွန်း ပန်းခြံလေးမှာ ကျင်းပလေ့ရှိပါတယ်။ ကျင်းပလေ့ရှိတိုင်းလည်း Pretty Lights ၊ David Guetta နဲ့ Laidback Luke စတဲ့ နာမည်ကြီးတွေက တက်သစ်စ နယူးယော့ခ်မြို့သားဝါသနာရှင်လေးတွေကို လက်တွဲခေါ်ပြီး အတူတကွဖျော်ဖြေလေ့ရှိပါတယ်။

Stereosonic

ဒီဂျေသမားတွေအတွက်ရော EDM ချစ်သူတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုကို ပြောပါဆိုရင်တော့ သြစတြေးလျနိုင်ငံမှာ အကြီးအကျယ်ကျင်းပလေ့ရှိတဲ့Stereosonic ကိုလည်း မမေ့ထားသင့်ပါဘူး။

Outlook Festival

ဥရောပသားတွေအကြိုက်ဆုံး EDM ပွဲကတော့ Outlook ပဲဖြစ်ပါတယ်။ ဒီပွဲရဲ့ထူးခြားချက်ကတော့ ဘေ့စ်သံကို များများသုံးထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ သင်္ဘောပါတီငယ်လေးတွေပါ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ကွင်းပြင်ကြီးမှာ လူအများနဲ့ ကခုန်ရတာ နည်းနည်းငြီးငွေ့လာရင် သင်္ဘောလေးထဲဝင်ပြီး ထပ်ကဲလို့ရအောင် စီစဉ်ပေးထားတာပါ။ ဥရောပတစ်ခွင် အလည်သွားရင် လက်လွတ်မခံသင့်တဲ့ EDM ပွဲလေးပဲဖြစ်ပါတယ်။

Sunburn Festival

Sunburn Festival ကတော့ အိန္ဒိယနိုင်ငံသားတွေအပြင် အိန္ဒိယနိုင်ငံရောက် နိုင်ငံခြားသားတွေ တော်တော်လေးအကြိုက်တွေ့ကြတဲ့ ဂီတပွဲတော်ပဲဖြစ်ပါတယ်။ ဒီပွဲကို ဒီဇင်ဘာလ ပိတ်ရက်တွေမှာ ကျင်းပလေ့ရှိပြီး Armin Van Buuren ၊ Afrojack ၊ Diplo ၊ Mike နဲ့ Martin Garrix တို့က ဦးဆောင်ဖျော်ဖြေပေးလေ့ရှိပါတယ်။

Source: mensxp.com