CR7 လို့လူသိများတဲ့ ကမ္ဘာကျော်ဘောလုံးအကျော်အမော် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ယနေ့အချိန်အထိ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။

ဘောလုံးလောမှာ ဟိုးငယ်စဉ် ချာတိတ်ဘ၀ကနေ အကောင်းဆုံးဂိုးသွင်းကန်ချက်တွေနဲ့ ပြင်းထန်တဲ့ကြိုးစားမှုတွေနဲ့အတူ အရှိန်ဟုန်ပြင်းပြင်း နာမည်ကျော်ကြားလာတဲ့ ရော်နယ်ဒိုဟာ လက်ရှိဂျူဗင်တပ်အသင်းမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ကိုပြသနေဆဲပဲဖြစ်ပါတယ်။

သန်းကြွယ်သူဋ္ဌေးတယောက်ဆိုလဲဟုတ်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်လည်းဖြစ်တဲ့ ရော်နယ်ဒိုကတော့ ဘောလုံးကစားခြင်းအပြင် ချီးကျူးစရာကောင်းလောက်တဲ့ အမူအကျင့်များစွာကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

(၁) သွေးလှူခြင်း

အသက်၂၄နှစ်အရွယ်သာရှိသေးတဲ့ ခရစ်ဟာ သွေးလှူခြင်းကို ပုံမှန်လုပ်ဆောင်လေ့ရှိတယ်လို့သိရပါတယ်။ သူအနေနဲ့ အခုလို့သွေးလှူဒါန်းလာတာလေးနှစ်ရှိခဲ့ပါပြီ။ နောက်ပြီးထူးခြားတဲ့တစ်ချက်က သူရဲ့ ခန္ဓာကိုယ်အရေ ပြားပေါ်မှာ တက်တူးတစ်ခုမှမရှိတာပဲဖြစ်ပါတယ်။ တက်တူးထိုးထားသူတစ်ယောက်ဟာ ထိုးပီးအချိန်ကစလို့ လပေါင်း ၆လကနေ ၁၂လကြားပဲသွေးလှူဒါန်းနိုင်တာပါ။

(၂) ပရဟိတလုပ်ငန်းတွေမှာ အချိန်အတော်များများကို နစ်မြုပ်ထားခြင်း

ခရစ်အနေနဲ့ဒီအချက်ကို ဂျာနယ်လစ်သမားတွေထံ ထုတ်ဖော်ပြခြင်းမရှိပေမဲ့ သူဟာအမြဲလိုလို ဆေးရုံတွေကို ထောက်ပံ့ပေးတာတွေ၊နေအိမ်ပျက်စီးဆုံးရှူံးမှုတွေ၊ သူ့ရဲ့ပရိသတ်တွေထဲက လူငယ်လေးတွေအတွက် ခွဲစိတ်ကုသမှု စတာတွေမှာ ငွေလုံလုံလောက်လောက် ကူညီလှူဒါန်းပေးလေ့ရှိပါတယ်။ နောက်ပြီးခရစ်ဟာ သူ့အဖေရဲ့ဆုံးမနေကြစကား တစ်ခုဖြစ်တဲ့ “လူသားတွေအပေါ်မှာ ကောင်းမွန်စွာပြုမူပြီး ကူညီထောက်ပံမယ်ဆိုရင် ဘုရားသခင်ကလဲ နှစ်ဆကောင်းချီးပြန်ပေးလိမ့်မယ်” ဆိုတဲ့စကားကို စွဲစွဲမြဲမြဲလက်ခံယုံကြည်ထားသူဖြစ်ပါတယ်။

(၃)မိတ်ဆွေဟောင်းတွေကိုလည်း မေ့မထားတက်သူ

ခရစ်ဟာ မိတ်ဆွေဟောင်းတွေဆီ မကြာခဏသွားလည်တတ်သလို လက်ဆောင်တွေလည်း ပေးတတ်သူ တစ်ယောက်ပါ။ Albert Fantrau လို့ခေါ်တဲ့သူရဲ့မိတ်ဆွေဟောင်းတစ်ယောက်အတွက်လည်း တကယ့်ကိုခမ်းနားလှတဲ့အိမ်ကြီးတစ်လုံးကို ခင်မင်မှုအထိမ်းအမှတ်အတွက် ပေးခဲ့ပါသေးတယ်။ ဘာလို့လည်းဆိုရင် ဒေသအလိုက်ဘောလုံးကစားပွဲမှာ Albert ကသူ့အတွက်အခွင့်အရေးကို ဖန်တီးပေးခဲ့လို့ပါ။ အဆိုပါပွဲကနေ အကောင်းဆုံးဂိုးသွင်းနိုင်ခဲ့ပြီး Professional ဘောလုံး ကစားသမားတယောက်ဖြစ်ဖို့ လမ်းကြောင်းပေါ်ရောက်ခဲ့ရတာပဲဖြစ်ပါတယ်။

(၄) မိသားစုကိုတန်ဖိုးထားချစ်မြတ်နိုးသူ

ခရစ်အတွက် အရှိန်အဟုန်ပြင်းတဲ့လူကြိုက်များမှု၊ ထောင်သောင်းချီတဲ့ပရိသတ်၊ သန်းနဲ့ချီနေသော Social Media မှ Followers များ၊ ငွေကြေးပိုင်ဆိုင်မှုစတာတွေက သူ့ရဲ့မိသားစုအပေါ်အလေးထားမှုကို မစိုးမိုးနိုင်ခဲ့ပါဘူး။ သူဟာ တစ်ဦးပိုင်ကျွန်းပေါ်မှာခမ်းနားတဲ့ အိမ်ထဲမှာ အပန်းဖြေမယ့်အစားမိသားစုနဲ့ပဲပျော်ပျော်ပါးပါး အနားယူချင်တဲ့သူ တယောက်လည်းဖြစ်ပါတယ်။ လူကုန်ထံအသိုင်းဝိုင်းရဲ့ ခမ်းနားထည်ဝါတဲ့ပါတီပွဲတွေထက် သူ့ကလေးတွေနဲ့ နွေးထွးစွာကုန်ဆုံးရမယ့်ညကို ပိုမက်မောသူပါ။

(၅) ပရိတ်သတ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဖော်ရွေစွာပြောဆိုဆက်ဆံတတ်သူ

ထောင်သောင်းချီတဲ့ ပရိသတ်အယောက်ချင်းစီတိုင်းအတွက် လုံလောက်တဲ့အချိန်ပေးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အချိန်ပေးဖို့ကျန်ခဲ့တဲ့ပရိသတ်တွေအနေနဲ့ ဝမ်းနည်းစရာဖြစ်သွားတတ်ပါတယ်။ ရော်နယ်ဒို နဲ့တွေ့ရင်တော့ ဒီလိုမျိုးမခံစားရဘူးဆိုတာတော့ အသေချာပါပဲ။ ၂၀၁၈ FIFA ကမ္ဘာ့ဖလားပွဲအတွက် နောက်ကျနေတာတောင် ကားပေါ်ကဆင်းပြီးငိုနေတဲ့ သူ့ရဲ့ပရိသတ်ကောင်လေးတစ်ယောက်ကို လက်မှတ်ထိုးပြီးနှစ်သိမ့်ပေးခဲ့ပါသေးတယ်။

(၆)ကိုယ့်ကိုယ်ကိုသဘောကျပြီး ရယ်မောနေတတ်သူ

ခရစ်ဟာ ဟာသဥာဏ်ရွှင်သူတယောက်လည်းဖြစ်ပါတယ်။ သူဟာမက်ဒရစ်လမ်းမတွေပေါ်မှာ အိမ်ခြေယာမဲ့တစ်ယောက်လိုဝတ်ပြီး ဘောလုံးကန်ရတာဟာ သူ့အတွက်ပျော်ရွှင်ရတဲ့အချိန်တွေထဲက တစ်ခုပဲလို့ဆိုပါတယ်။ တစ်ခါမှမသိကျွမ်းဖူးသူတွေနဲ့ စကားပြောမယ်၊ အမျိုးသမီးတွေကိုဖုန်းနံပါတ်တောင်းမယ်၊ သူတို့နဲ့ရီစရာတွေထိုင်ပြောပြီး အချိန်ကုန်ဆုံးရတာကိုလည်း နှစ်သက်ပါတယ်တဲ့။

(၇)ဘောလုံးအားကစားကို ငွေကြေးဥစ္စာထက် ချစ်မြတ်နိုးသူ

ခရစ်ဟာအရာရာတိုင်းထက် ဘောလုံးအားကစားကို ဘယ်လောက်တောင်ကြိုက်နှစ်သက်လဲဆိုရင် ပိုက်ဆံမရပဲ ကစားရမယ်ဆိုရင်တောင် ကစားဖို့ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။ Real Madrid အသင်းက ချန်ပီယံလိဂ်ကိုနိုင်ပီးသူရရှိတဲ့ လခပေါင်တသန်းနီးပါးအားလုံးကို ပရဟိတလုပ်ငန်းကိုလှူဒါန်းခဲ့ဖူးသူပါ။

(၈) ပြိုင်ဘက်အသင်းကစားသမားတွေ အကူညီလိုနေရင်တောင် ကူညီဖို့မတွန့်ဆုတ်တတ်သူ

ခရစ်ရဲ့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့ ကစားပွဲမှာဒဏ်ရာရရှိခဲ့တဲ့ သူ့ရဲ့ပြိုင်ဘက်အသင်းကစားသမားတစ်ဦးကို အရံလူခုံတန်းအထိ တွဲခေါ်သွားပေးခဲ့တာပါပဲ။ ထိုကစားသမားက ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားပွဲမှာ ပေါ်တူဂီအသင်းကို အနိုင်ယူခြေစွမ်းပြဖို့ စိတ်ပိုင်းဖြတ်ထားသူတစ်ယောက်ဖြစ်နေတာတောင် ခရစ်တယောက်ကတော့ လေးစားမှုနဲ့ဂုဏ်သိက္ခာရှိရှိ ကူညီဖို့ဝန်မလေးခဲ့ပါဘူး။

ဒီအချက်တွေကတော့ CR7 ရဲ့ ဘောလုံးလောကအပြင်မှ တကယ့်ကိုချီးကျူးစရာကောင်းလောက်တဲ့ ထူးခြားတဲ့အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

Credit: BrightSide