ဂျင်းဘောင်းဘီတွေဟာ ဘယ်တော့မှရိုးမသွားတဲ့ Timeless ဖက်ရှင်လို့ ပြောကြပါတယ်။ ပွဲတက်ဖက်ရှင်အနေနဲ့ ဖြစ်ဖြစ် ပုံမှန်ရုံးသွားကျောင်းသွား ထသွားထလာဖက်ရှင်အနေနဲ့လည်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရတာကြောင့် ဂျင်းဘောင်းဘီတစ်ထည်ရှိရင် ဖက်ရှင်စတိုင်လ်အမျိုးမျိုး ပြောင်းလဲဝတ်ဆင်လို့ရမှာပါ။ ဒီနေ့မှာတော့ ကွီးတို့အကြိုက်ဆုံး ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီး ဝတ်နိုင်ဖို့ ထိန်းသိမ်းလို့ရမယ့် နည်းလေးတွေ မျှဝေပေးသွားချင်ပါတယ်။
(၁) ပြောင်းပြန်လှန်ပြီးလျော်ပေးပါ
Photo : The Adult Man
ဂျင်းဘောင်းဘီတွေကို လျော်ဖွတ်တဲ့အခါ အတွင်းဘက်ကိုပြောင်းလဲလှန်ပြီး လျော်ဖွတ်ပေးပါ။ ဒီလိုလျော်ဖွတ်ခြင်းက ဂျင်းဘောင်းဘီတွေကို အရောင်မှိန်ခြင်း ၊ အရောင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။ နေလှန်းတဲ့အခါမှာလည်း ပြောင်းပြန်လှန်ရက်သားအတိုင်းပဲ နေလှန်းပေးပါ။
(၂) အဝတ်လျှော်စက်မသုံးပါနဲ့
Photo : Metro
ဂျင်းဘောင်းဘီတွေကို လျော်ဖွတ်တော့မယ်ဆိုရင် အဝတ်လျှော်စက်ကိုမသုံးပဲ လက်နဲ့လျော်ပေးပါ။ အဝတ်လျှော်စက်က ဂျင်းဘောင်းဘီတွေကို တွန့်ကြေပျက်စီးစေပြီး အချိန်တိုအတွင်းမှာတင် ပုံပျက်သွားစေနိုင်ပါတယ်။
(၃) ခဏခဏရေမလျှော်ပါနဲ့
Photo : Real Simple
ဂျင်းဘောင်းဘီတွေဟာ သာမာန်အဝတ်အစားတွေကို တစ်ခါဝတ်ပြီးတိုင်း လျှော်ဖို့မလိုအပ်ပါဘူး။ ဘောင်းဘီတွေကို မကြာမကြာလျှော်ဖွတ်မယ်ဆိုရင် ဂျင်းဘောင်းဘီရဲ့သက်တမ်းကို တိုစေပြီး ခဏလေးနဲ့ ပျက်စီးသွားစေနိုင်ပါတယ်။ ပုံမှန်အတိုင်းဆို ဂျင်းဘောင်းဘီတွေကို ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ ဝတ်ပြီးတဲ့အချိန်မှ တစ်ခါလျှော်ဖွတ်ဖို့ အကြံပြုထားပါတယ်။ လျှော်တဲ့အခါမှာလည်း ရေအေးကိုသာအသုံးပြုပေးပါ။ ရေအေးက ကျုံ့သွားတာမျိုးမှကာကွယ်ပေးပြီး အချိန်တော်ကြာသစ်လွင်တောင်ပြောင်တဲ့ ဂျင်းအရောင်ကိုထိန်းသိမ်းပေးပါတယ်။
(၄) နေရောင်ဖြင့်သာအခြောက်ခံပါ
Photo : The Active Times
ဂျင်းဘောင်းဘီတွေကို အခြောက်ခံရာမှာ သဘာဝနေရောင်ကသာအကောင်းဆုံးဖြစ်ပါတယ်။ အခြောက်ခံစက်တွေသုံးတဲ့အခါ ဂျင်းဘောင်းဘီအသားတွေကို ဆွဲဆန့်ရာရောက်စေပြီး ပျက်စီးလွယ်စေနိုင်ပါတယ်။ နေရောင်ပြပေးတာကသာ ဂျင်းဘောင်ဘီကိုမပျက်စီးပဲ ခြောက်သွေ့စေမှာဖြစ်ပြီး အနံ့သက်ဆိုးတွေကိုလည်း ဖယ်ရှားပေးမှာဖြစ်ပါတယ်။
(၅) ဆပ်ပြာမှုန့်အလွန်အကျွံမသုံးပါနဲ့
Photo : Modernratio
ဆပ်ပြာမှုန့်တွေအများကြီးသုံးတာဟာ ဂျင်းဘောင်းဘီတွေကို အရောင်လွင့်စေရုံမက ဘောင်းဘီကို မြန်မြန်ဆွေးရိလာစေပါလိမ့်မယ်။ ဒါကြောင့် ဘောင်းဘီလျှော်တဲ့အခါ ဆပ်ပြာမှုန့်ကို တော်သင့်ရုံသာ သုံးပေးပါ။
(၆) ဂျင်းဘောင်းဘီအသစ်တွေကို ဆားထည့်လျှော်ပေးပါ
Photo : The Singapore Women’s Weekly
ဂျင်းဘောင်းဘီအသစ်ဝယ်လာတဲ့အခါ မဝတ်ခင်မှာအရင်ဆုံးတစ်ကြိမ်လျှော်ပေးပါ။ လျှော်တဲ့အခါ ဆားစားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပြီး လျှော်ပေးရပါမယ်။ ဒီလိုလုပ်တာဟာ ဂျင်းဘောင်ဘီတွေကို ကြာရှည်ခံစေပြီး အရောင်မှိန်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။
Featured Photo : Men’s Health