ကိုယ်နံ့ပြင်းခြင်း ၊ ချိုင်းချွေးနံ့ဆိုးထွက်ခြင်းဟာ အမျိုးသားတစ်ယောက်အတွက် ဆွဲဆောင်မှု ကျဆင်းစေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ လူကြားသူကြားထဲသွားအခါ ကိုယ့်ကိုယ်က အနံ့ဆိုးတွေထွက်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့စေမှာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ချွေးနံ့ဆိုးထွက်ခြင်းကို သက်သာစေဖို့ သိထားသင့်တဲ့ဆောင်ရန် ရှောင်ရန်အချက်တချို့ မျှဝေပေးချင်ပါတယ်။
(၁) အိမ်တွင်းကုထုံးတွေ စမ်းသုံးကြည့်ပါ

Photo : L’OFFICIEL USA
ချွေးနံ့ပျောက်ဖို့ ဈေးကြီးတဲ့ရေမွှေးတွေသုံးမှ မဟုတ်ပါဘူး။ အိမ်တွင်းကုထုံးနည်းလေးတွေနဲ့လည်း ချွေးနံ့ဆိုးထွက်ခြင်းကို သက်သာအောင်လုပ်လို့ရပါတယ်။
ပန်းသီးရှာလကာရည်လိမ်းပါ
ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ သဘာဝအက်စစ်ဓာတ်ရှိပါတယ်။ ချွေးနဲ့အနံ့ဆိုးတွေထွက်လေ့ရှိတဲ့ ချိုင်း ၊ လက်မောင်းအောက်ဘက်လို နေရာတွေကို ပန်းသီးရှာလကာရည်အနည်းငယ်လိမ်းပေးပါ။ ပန်းသီးရှာလကာရည်ကို ရေနဲ့အနည်းငယ်ရောစပ်ပြီး ဂွမ်းစလေးနဲ့ ညင်သာစွာပွတ်လိမ်းပေးနိုင်ပါတယ်။ အနည်းဆုံးတစ်ရက်ကို နှစ်ကြိမ်လိမ်းပေးမယ်ဆိုရင် သိသိသာသာချွေးနံ့ဆိုးထွက်ခြင်းကို သက်သာစေမှာပါ။
(၂) အစားအသောက် ပြောင်းလဲပါ

Photo : Quick Fix
တချို့သော အစားအသောက်တွေဟာ ကွီးတို့ရဲ့ကိုယ်နံ့ကိုပြင်းစေပြီး အနံ့ဆိုးထွက်ခြင်းကိုပိုမို အားကောင်းစေနိုင်ပါတယ်။ ဥပမာ အနီရောင်ရှိတဲ့အသားများ ၊ ပင်လယ်စာ ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဟင်းခတ်အမွှေးအကြိုင် ၊ သကြားပါဝင်မှုများတဲ့အစားအစာတွေ နဲ့ အရက် စတဲ့အစားအသောက်တွေဟာ ချွေးနံ့ဆိုးတွေထွက်စေနိုင်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာချွေးနံ့ဆိုးထွက်ခြင်း ပြဿနာနဲ့ရင်ဆိုင်နေရတယ်ဆိုရင်တော့ အထက်ပါအစားအသောက်တွေကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။ အကောင်းဆုံးကတော့ ရေ လုံလုံလောက်လောက်သောက်ပေးသင့်ပြီး ကြက်သား ၊ လက်ဆတ်တဲ့ဟင်းသီးဟင်းရွက် ၊ အသီးအနှံတွေ စားနိုင်ပါတယ်။
(၃) တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အဆင့်မြှင့်တင်ပါ

Photo : iStock
တစ်ကိုယ်ရေသန့်ရှင်းမှု ဆိုင်ရာမှာအားနည်းတာနဲ့အမျှ ခန္ဓာကိုယ်မှာအနံ့ဆိုးထွက်ခြင်းတွေ မလွဲမသွေကြုံရမှာအသေအချာပါပဲ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ပတ်သတ်ပြီး အဆင့်မြှင့်တင်ဖို့ အကြံပြုချင်ပါတယ်။
တစ်နေ့ကို အနည်းဆုံး မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေ ၂ ကြိမ်ပုံမှန်ချိုးပေးပါ။ ရေချိုးတဲ့အခါ ချိုင်းကြား ၊ ပေါင်ကြား ၊ လက်မောင်းအောက်စသဖြင့် ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းနေနိုင်တဲ့နေရာတွေကို သေချာဆပ်ပြာတိုက်ချွတ်ပြီး သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ နောက်တစ်ချက်က အမွှေးအမျှင်တွေ ပုံမှန်ရိတ်ပေးဖို့ပါပဲ။အမွှေးအမျှင်တွေဟာ ဘက်တီးရီးယားခိုအောင်းလို့အကောင်းဆုံးနေရာတွေဖြစ်ပြီး ချွေးထွက်လာချိန်မှာ ချွေးနဲ့ဓာတ်ပြုပြီး အနံ့သက်ဆိုးတွေထွက်စေတာပါ။ ဒါကြောင့် ခန္ဓာကိုယ်အမွှေးအမျှင်တွေကို သေချာပေါက် ရှင်းလင်းပေးဖို့လိုပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ အဝတ်အထည်ကို သေချာလျော်ဖွတ်သန့်စင်ပြီးမှာ ဝတ်ဖို့ပါ။ အင်္ကျီအဝတ်အစားတွေကို မလျှော်ပဲပြန်ဝတ်တာမျိုးက ဘက်တီးရီးယားတွေပိုမိုပေါက်ဖွားလာစေနိုင်ပြီး အနံ့ဆိုးတွေထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်ဆင်တဲ့အခါ တစ်ကြိမ်သာ ဝတ်ဆင်ပြီး ဝတ်ပြီးသား အင်္ကျီအဝတ်အစားတွေကိုလည်း သေချာလျှော်ဖွတ်သန့်စင်ပြီးမှ နောက်တစ်ကြိမ်ပြန်ဝတ်ဖို့ အကြံပြုချင်ပါတယ်။
(၄) လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေဝတ်ပါ

Photo : ChatterSource
အဝတ်အစား ဝတ်တဲ့အခါ ချွေးထွက်ခြင်းကို ပိုမိုအားပေးပြီးဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ ကျပ်လွန်းတဲ့ အင်္ကျီတွေ ၊ လှောင်ပိတ်တဲ့အထည်တွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒီအစား လေဝင်လေထွက်ကောင်းတဲ့ချည်သား အင်္ကျီတွေ ၊ သက်တောင့်သက်သာရှိတဲ့ ခပ်ပွပွအဝတ်အထည် တွေကိုသာဝတ်ဆင်သင့်ပါတယ်။ Suit တွေ ၊ ရှပ်အင်္ကျီတွေမဖြစ်မနေဝတ်ရတော့မယ်ဆိုရင်လည်း အရည်အသွေးကောင်းမွန်ပြီး စုပ်ယူအားကောင်းတဲ့ Sweatproof အောက်ခံအင်္ကျီတွေကို ဝတ်ပေးပါ။ ချွေးထွက်ခြင်းကိုသက်သာစေပြီး အနံ့သက်ကင်းကင်းနဲ့ ယုံကြည်မှုရှိတဲ့ တစ်ရက်တာကိုဖြတ်သန်းနိုင်မှာပါ။
Featured Photo : Home Decor Bliss
