တစ်ခါတလေ ပင်ပန်းနွမ်းနယ်သလို ခံစားရတာ ပြဿနာမရှိပေမယ့် ပုံမှန်လိုဖြစ်လာရင်တော့ ဒါဟာ ကျန်းမာရေးအတွက် အန္တရာယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ပုံမှန်အားဖြင့် Lifestyle မမှန်တာကြောင့် အဖြစ်များပါတယ်။ မောပန်းနွမ်းနယ်လွယ်တဲ့ အကြောင်းရင်းတွေထဲမှာ အခုပြောမယ့်အကြောင်းရင်းတွေက ထိပ်ဆုံးက ပါလေ့ရှိပါတယ်။
(၁) ပြုပြင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်စားလွန်းလို့
Photo: sparkleandsweatshop
Carbs လို့ ခေါ်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဟာ စွမ်းအင်အမြန်တက်စေတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်စားလိုက်ချိန်မှာ ခန္ဓာကိုယ်က သကြားဓါတ်အဖြစ် ပြောင်းပြီး လောင်စာအဖြစ် သုံးပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ အစားများရင် ပင်ပန်းတယ်လို့ ခံစားလာရပါတယ်။
သကြားနဲ ပြုပြင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ စားချိန်မှာ သွေးတွင်းသကြားဓါတ်အမြန်တက်လာရာကနေ ပန်ကရိယဟာ သွေးနဲ့ ဆဲလ်ထဲက သကြားဓါတ်တွေ ထုတ်ဖို့ အင်ဆူလင်အများအပြား ထုတ်လုပ်ပါတယ်။ သွေးသကြားဓါတ် အမြန်တက်/အမြန်ကျ ဖြစ်စဉ်ကြောင့် လူဟာ နုံးပြီး မောပန်းလာပါတယ်။
(၂) အထိုင်များလွန်းလို့
Photo: observatoireprevention
လှုပ်ရှားမှုနည်းခြင်းဟာ စွမ်းအင်နည်းခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့လူတွေဟာ ပင်ပန်းနွမ်းနယ်လွယ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုတွေက အဖျားအနာရှိသူတွေနဲ့ ကျန်းမာသူတွေအကြား ဖြစ်တတ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်ပါတယ်။
(၃) အိပ်ရေးပျက်လွန်းလို့
Photo: beaumont
အိပ်ရေးမဝရင် ပင်ပန်းလွယ်ပါတယ်။ ခန္ဓာကိုယ်ဟာ အိပ်စက်နေချိန်အတွင်းမှာ မှတ်ဉာဏ်ပြန်သိုလှောင်မှု ၊ ဇီဝကမ္မဖြစ်စဉ်နဲ့ စွမ်းအင် Level ထိန်းညှိမှုတွေ လုပ်ပါတယ်။ အိပ်ရေးမဝတဲ့လူတစ်ယောက်ဟာ နုံးခွေ မောပန်းလွယ်ပြီး စွမ်းအင်ကျဆင်းနိုင်ပါတယ်။
(၄) ကယ်လိုရီ ၊ ရေ နဲ့ ပရိုတိန်း မလုံလောက်လို့
Photo: eatthis
ကယ်လိုရီစားသုံးမှုနည်းလွန်းရင် မောပန်းလွယ်ပါတယ်။ ကယ်လိုရီဟာ အစားအသောက်ထဲက စွမ်းအင်ယူနစ်တွေ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က ကယ်လိုရီကို သုံးပြီး အသက်ရှုတာ ၊ ကိုယ်အပူချိန် ထိန်းညှိတာလို လူ့ကိုယ်ခန္ဓာစနစ်ကို မောင်းနှင်ပါတယ်။ ကယ်လိုရီအစားနည်းလာရင် စွမ်းအင်ထိန်းနိုင်စွမ်း ကျလာပြီး ပင်ပန်းနွမ်းနယ်လွယ်နိုင်ပါတယ်။
ဇီဝကမ္မဖြစ်စဉ်နှုန်း မြှင့်တင်ဖို့ ပရိုတိန်းတွေက အလုပ်လုပ်ပါတယ်။ ပရိုတိန်းဟာ ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီနိုင်တဲ့အပြင် ပင်ပန်းနွမ်းနယ်မှုပါ ကူညီနိုင်ပါတယ်။ ပရိုတိန်းစားသုံးမှု မလုံလောက်ရင် စွမ်းအင်ကျဆင်းလာပြီး နုံးခွေမောပန်းနိုင်ပါတယ်။ ဒီလိုပါပဲ။ ရေသောက်နည်းသွားရင်လည်း ရေဓါတ်ခမ်းခြောက်ပြီး စွမ်းအင် Level ကျဆင်းကာ မောပန်းလွယ်တတ်ပါတယ်။
(၅) Energy Drinks တွေ သောက်လွန်းလို့
Photo: healthline
Energy Drinks တွေဟာ ယာယီတော့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ပါတယ်။ အဲ့လို ဖြစ်ရတာလည်း ကဖိန်းနဲ့ သကြားဓါတ် ပါဝင်မှု မြင့်လို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Energy Drinks သောက်တာ များလာရင် ကဖိန်းနဲ့ သကြားဓါတ် ကျလာတာနဲ့အမျှ ပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။
Featured Photo: Oxford Review