အားလုံးပဲ မင်္ဂလာပါ။ အခုဆိုရင် မိုးရာသီတဖြည်းဖြည်း ကုန်တော့မှာဖြစ်ပြီး ဆောင်းရာသီသို့ ချဉ်းနင်းဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ဆောင်းရာသီရောက်တဲ့အခါ သင့်ရဲ့အသားအရေကို ပုံမှန်ထက်ပိုပြီး ဂရုစိုက်သင့်ပါတယ်။
အထူးသဖြင့် Sensitive အသားအရေပိုင်ရှင်တွေဆို ပိုဂရုစိုက်ရပါမယ်။ ထိုအသားအရေ ပိုင်ရှင်တွေအနေနဲ့ တွေ့ကရာ ပစ္စည်းမျိုးကို အသုံးပြုမိမယ်ဆိုရင် ကိုယ့်အသားအရေက သိသိသာသာပျက်စီးခြင်း၊ ယားယံခြင်း၊ အသားအရေနီမြန်းခြင်းတို့ကို ချက်ချင်းခံစားရမှာဖြစ်ပါတယ်။
ဒီလိုအသားအရေပိုင်ရှင်မျိုးအတွက် အကောင်းဆုံးနည်းလမ်းကတော့ ဓာတုပစ္စည်းများ (လုံးဝ) မပါဝင်တဲ့ သဘာဝပစ္စည်းများအသုံးပြုခြင်းပဲဖြစ်ပါတယ်။
ဘယ်လိုသဘာဝပစ္စည်းမျိုး အသုံးပြုကာ ကိုယ့်အသားအရေကို ထိန်းသိမ်းနိုင်မလဲဆိုတာကို တစ်ဆက်တည်းဖော်ပြပေးလိုက်ရပါတယ်။
ဒိန်ချဉ်နှင့် ပျားရည်အသုံးပြုပါ
ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ကိုးကိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပြီးနောက်မှာတော့ မျက်နှာပေါ်တွင် ညီညီညာညာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ပေါင်းတင်ပြီးတဲ့နောက်မှာတော့ မျက်နှာသစ်ချလိုက်ပါ။
Sensitive အသားအရေပိုင်ရှင်များအတွက် ဒီပေါင်းတင်နည်းက ဘယ်လိုအလုပ်လုပ်သလဲဆိုရင် ဒိန်ချဉ်သည် အသားအရေကို နူးညံ့စေပြီး ကိုးကိုးမှုန့်ကတော့ အသားအရေယားယံခြင်းမှ ကာကွယ်ပေးကာ ပျားရည်ကတော့ အသားအရေကို တင်းတင်းရင်းရင်းဖြစ်အောင် ကူညီပေးပါတယ်။
ပျားရည်နှင့် ရှားစောင်းလက်ပတ်အသုံးပြုပါ

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရှားစောင်းလက်ပတ်ဂျယ်လ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် လက်ချောင်းထိပ်များဖြင့် ထိုအရောအနှောများကို မျက်နှာပေါ်တွင် လိမ်းကျံပေးလိုက်ပါ။ ၁၀ မိနစ်မှ မိနစ် ၂၀ ခန့် ပေါင်းတင်ပေးလိုက်ပါ။
ပုံမှန်ပေါင်းတင်ပေးခြင်းအားဖြင့် အသားအရေ ရောင်ရမ်း၊ နီမြန်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို အစိုဓာတ်ထိန်းပေးစေပါတယ်။
ပျားရည်နှင့် လာဗန်ဒါအဆီ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို လာဗန်ဒါအဆီ ၂ စက်ခန့်ဖြင့် ရောနှောကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် သင့်ရဲ့မျက်နှာကို ကြက်သီးနွေးရေနွေးဖြင့် အရင်ဆုံး စိုစွတ်သွားအောင် ပြုလုပ်ပါ။ ထို့နောက် ပျားရည်အရောအနှောကို မျက်နှာပေါ်တွင် သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာတော့ ကြက်သီးနွေး ရေနွေးဖြင့် တစ်ဖန်ပြန်လည်ဆေးကြောလိုက်ပါ။
လာဗန်ဒါအဆီသည် ခြောက်သွေ့ခြင်း၊ ယားယံခြင်းကို ကာကွယ်ပေးပြီး အသားအရေကို Healing ဖြစ်စေပါတယ်။ ပျားရည်ကတော့ ဘက်တီးရီးယားရန်မှ ကာကွယ်ပေးပြီး အသားအရေကို အစိုဓာတ်ထိန်းပေးတာကြောင့် Sensitive သမားများအတွက် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
Source: Pennyandpine.com
Featured Image Source: Menswearstyle.co.uk

