လီဗာပူးလ်အသင်းဟာ စနေနေ့မှာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ စကော့တလန်အသင်းအတွက် ကစားပေးခဲ့ပြီး ဒဏ်ရာရရှိလာခဲ့တဲ့ ရောဘတ်ဆန်ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ သိရပါတယ်။

Andy Robertson Injured

Photo: The Sun

လီဗာပူးလ် ဘယ်နောက်ခံကစားသမားဟာ တနင်္လာနေ့က စကော့တလန်အတွက် အရေးကြီးတဲ့ ဒိန်းမတ်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့် ၇၉ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် စကော့တ် မက်ကန်နာနဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ စကော့တလန်အသင်းအတွက် ကံကောင်းစွာနဲ့ ရောဘတ်ဆန် လူစားလဲလှယ်ခံရပြီးနောက် ချီ အဒမ်ရဲ့ သွင်းဂိုးကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား play-offs အတွက် တစ်နေရာရရှိစေမယ့် နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်နောက်ခံကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ကတော့ အဓိက သံသယရှိစရာ ဖြစ်လာနေပြီဖြစ်ပြီး စကော့တလန်လက်ရွေးစင်နောက်ခံလူဟာ တံကောက်ကြောဒဏ်ရာရရှိနေတာဖြစ်တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရောဘတ်ဆန်ရဲ့ ဒဏ်ရာအတိမ်အနက်ကို ဆုံးဖြတ်ဖို့ အင်္ဂါနေ့မှာ ဓာတ်မှန်ရိုက်ထားတဲ့ ရလဒ်ကို စောင့်ဆိုင်းနေပြီး ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Robertson

Photo: The Sun

လီဗာပူးလ်အသင်းအနေနဲ့ ရောဘတ်ဆန် ဒဏ်ရာပြင်းထန်ခဲ့မယ်ဆိုရင် ဆီမီကတ်စ်ကို စကော့တလန်နောက်ခံလူနေရာမှာ အစားထိုးသွားဖို့ စီစဉ်နေပြီး လီဗာပူးလ်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်ခဲ့ပြီးဖြစ်တာကြောင့် ဗုဒ္ဓဟူးနေ့မှာ ပေါ်တိုနဲ့ကစားမယ့်ပွဲစဉ်မှာလည်း နည်းပြကလော့ပ်က ရောဘတ်ဆန်ကို ထပ်မံချန်လှပ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

အဲဒီအစား ရောဘတ်ဆန်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ အန်းဖီးမှာ ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်နဲ့ နောက်ထပ်ရက်အနည်းငယ်အကြာ အဲဗာတန်အိမ်ကွင်းကို သွားကစားရမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားကောင်း ပစ်မှတ်ထားသွားနိုင်ပါတယ်။

Featured Photo: The Liverpool Offside