စိတ်ဓါတ်တွေ နိုးကြားတက်ကြွအောင် ဦးနှောက်ကို လေ့ကျင့်ထားလို့ ရပါတယ်။ အောင်မြင်ချင်ရင် ကိုယ်လုပ်နေတဲ့ အလုပ်ကို စူးစမ်းချင်စိတ်ရှိလာအောင် ၊ ပိုပြီး တိုးတက်ချင်စိတ်ဖြစ်လာအောင် စိတ်ကို ပြုပြင်ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ သိထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ သင်လုပ်နေတဲ့အလုပ်မှာ ပိုပြီး စိတ်ဝင်စားလာအောင် အထောက်အကူပြုမယ့် နည်းလမ်းလေးတွေ မျှဝေပေးသွားမှာပါ။

(၁) စူးစမ်းမှုဇုန်ထဲမှာ အလုပ်လုပ်ပါ

Man Learning

Photo: Unsplash

သိချင်စိတ်ဆိုတာ သင်လုံးဝနားမလည်တဲ့အကြောင်းအရာပေါ်ထက် တစ်စွန်းတစ်စ သိထားနားလည်ထားတဲ့ကိစ္စတွေပေါ်မှာ ပိုပြီး အလုပ်ဖြစ်ပါတယ်။ ကိုယ်မသိတဲ့ ဘာသာစကားနဲ့ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ဖို့ထက် ကိုယ်နားလည်တဲ့ဘာသာစကားနဲ့ရေးထားပြီး ကိုယ်လက်လှမ်းမီတဲ့အကြောင်းအရာပါတဲ့ စာအုပ်ကို ပိုဖတ်ဖြစ်တာမျိုးပါ။

ဒါကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကိုယ်ရိုးအီနေအောင် သိနေတဲ့အပိုင်းထက် နည်းနည်းသိထားပြီး နက်နက်လေ့လာဖို့ လိုတဲ့အပိုင်းလေးတွေ ရှာကြည့်ပါ။ တစ်ရက်ပြီးတစ်ရက် ပိုလို့ စိတ်ဝင်စားစရာ ၊ စပ်စုချင်စရာလေးတွေ မြင်လာရမှာပါ။

(၂) သိချင်တတ်ချင်သူတွေနဲ့ ပေါင်းပါ

A Group of Youth

Photo: Unsplash

အလုပ်မှာဖြစ်ဖြစ် ကျောင်းစာမှာ ဖြစ်ဖြစ် စိတ်ပိုနှစ်နိုင်အောင်ဆို အလုပ်/ကျောင်းတွေမှာ စိတ်နှစ်နိုင်တဲ့လူတွေနဲ့ ပေါင်းတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါပဲ။ တစ်ယောက်တည်းထက် စာရင် စိတ်တူကိုယ်တူတွေနဲ့ အတူ လုပ်တဲ့ အလုပ်တွေက ပိုပြီး စိတ်နှစ်နိုင်သလို စူးစမ်းလိုစိတ်လည်း ထက်သန်လာတတ်တာ သဘာဝဖြစ်ပါတယ်။

သုတေသီတွေကလည်း တစ်ယောက်တည်းဆိုရင် ဘာသိဘာသာ နေတတ်သူတွေဟာ အများနဲ့ဆိုရင် သိချင်စိတ်တွေ ထက်သန်လာတတ်တယ်လို့ ပြောထားပါတယ်။

(၃) မေးခွန်းတွေ မေးပါ

Always ask

Photo: Unsplash

သိချင်စိတ်ထက်သန်အောင် နှိုးဆွရာမှာ မေးခွန်းတွေ မေးမေးကြည့်ပြီး ကိုယ့်ဘာသာဖြေတာ ၊ အဖြေရှာတာက အလုပ်ဖြစ်ပါတယ်။ ဥပမာ- အဲ့ဒါဘာလဲ ၊ ဘာကြောင့် အလဲလို ဖြစ်တာလဲ ။ ဘယ်တုန်းက စဖြစ်တာလဲ ။ ဘယ်သူများ တီထွင်ခဲ့သလဲ။ ဘယ်နေရာက လာသလဲ။

ဘယ်လိုအလုပ်လုပ်သလဲ စတဲ့ ဘာ,ဘာကြောင့်,ဘယ်အခါ , ဘယ်သူ,ဘယ်က နဲ့ ဘယ်လိုဆိုတဲ့ ဘ ၆ လုံးက သိချင်စိတ်နဲ့ စူးစမ်းတဲ့အလေ့ကို ကြီးပွားအောင်ကူညီပေးတဲ့ သူငယ်ချင်းကောင်းတွေလိုပါပဲ။

(၄) ပျင်းစရာလို့ မထင်လိုက်ပါနဲ့

be curious

Photo: Unsplash

အရာတိုင်းမှာ စိတ်ဝင်စားစရာအကြောင်းတွေ ရှိပါတယ်။ အဲ့ဒီ စိတ်ဝင်စားစရာအချက်တွေကို မြင်အောင် ဖော်ထုတ်ဖို့ပဲ လိုတာပါ။ တစ်ခုခုကို ပျင်းစရာကြီးပဲရယ်လို့ သတ်မှတ်လိုက်တာနဲ့အသိအမြင်တံခါးပိတ်ပြီး သိချင်စိတ်တွေ ပျောက်ကွယ်သွားတော့တာပါပဲ။

ဒါကြောင့် တစ်ခုခု ခေါင်းထဲရောက်လာရင် အဲ့ဒီအရာရဲ့ စိတ်ဝင်စားစရာဘက်အခြမ်းကို လှမ်းကြည့်တတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။

Featured Photo: EverydayPower