အမေရိကန် မော်ဒယ် ကင်မ် ကာဒါရှီယန်ဟာ အာဖဂန်နစ္စတန်က အမျိုးသမီးဘောလုံးသမား အယောက် ၁၃၀ နဲ့ ၎င်းတို့ရဲ့ မိသားစုတွေ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီပေးတဲ့ ကယ်ဆယ်ရေးစစ်ဆင်ရေးကို စီစဉ်နိုင်ခဲ့တဲ့အတွက် လူတွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

Kim Kardashian

Photo: Sportbible

ကာဒါရှီယန်ဟာ လိဒ်စ်ယူနိုက်တက်ပိုင်ရှင် အန်ဒရေ ရာဒရစ်ဇာနီနဲ့အတူ တာလီဘန်တွေလက်ထဲကနေ ထွက်ပြေးပြီး ယူကေနိုင်ငံမှာ ဘေးကင်းကင်းနဲ့ ဘဝသစ်ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ အာဖဂန် အမျိုးသမီးဘောလုံးသမားတွေကို အကူအညီပေးခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့စက်တင်ဘာလမှာ အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်ကို တာလီဘန်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်နေတဲ့ ကစားသမားတွေကို ကယ်ထုတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ရဲ့ဇာတ်လမ်းကို ကြားသိရသလောက် ကာဒါရှီယန်ဟာ လက်ရှိအချိန်မှာ ပါကစ္စတန်ကနေ လန်ဒန်ကို အန္တရာယ်ကင်းကင်း ပို့ဆောင်ပေးနိုင်မယ့် စင်းလုံးငှားလေယာဉ်အတွက် ကုန်ကျစရိတ်ကို ပေးချေခဲ့တယ်လို့ နားလည်ရပါတယ်။ အာဖဂန်အမျိုးသမီး ဘောလုံးသမားတွေဟာ ယူကေနိုင်ငံမှာ ၎င်းတို့ရဲ့ ဘဝသစ်ကို မစတင်မီ ကိုဗစ်-၁၉ ကွာရန်တင်းစင်တာမှာ ၁၀ ရက်ကြာ နေထိုင်သွားရမှာဖြစ်ပြီး ဒီစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ အကူအညီတောင်းခဲ့တဲ့သူက Tzedek အဖွဲ့အစည်းတည်ထောင်သူ ရက်ဘီ မိုရှီ မာဂရက်တန်ဖြစ်ပါတယ်။

Afghanistan Women Football Team

Photo: Sportbible

မာဂရက်တန်ဟာ တရားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေအတွင်း ကင်မ်နဲ့အတူ အနီးကပ်အလုပ်လုပ်ခဲ့သူဖြစ်ပြီး အာဖဂန်က အမျိုးသမီးဘောလုံးသမားတွေကို ကယ်တင်ဖို့ကိစ္စကို အကူအညီတောင်းတောင်းချင်းပဲ အမေရိကန် စူပါမော်ဒယ်က အချိန်မဆိုင်းဘဲ ကူညီပေးဖို့ ချက်ချင်း ကတိပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“Zoom ကနေ ဖုန်းခေါ်ပြီး တစ်နာရီလောက်ပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလေယာဉ်ခရီးစဉ်တစ်ခုလုံးအတွက် ကုန်ကျစရိတ်ကို လှူဒါန်းချင်တယ်ဆိုတဲ့ စာတိုပေးပို့မှုကို ကင်မ်ဆီကနေ ကျွန်မ ရရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အာဖဂန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ခါလီဒါ ပါပဲလ်က အမျိုးသမီးတွေအနေနဲ့ ဗြိတိန်နိုင်ငံကို မှဲ့တစ်ပေါက်မစွန်းဘဲ ရောက်ရှိလာခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပြီး စိတ်သက်သာရာ ရမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“တာလီဘန်တွေက သိမ်းပိုက်ခဲ့တဲ့အချိန်မှာ မိသားစုအများအပြားဟာ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာခဲ့ကြတယ်။ သူတို့ရဲ့အိမ်တွေဟာ မီးရှို့ပြာကျခဲ့ကြပါတယ်။ မိသားစုတွေထဲက အချို့ဟာ တာလီဘန်တွေရဲ့ သတ်ဖြတ်ခြင်း ဒါမှမဟုတ် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီတော့ အန္တရာယ်နဲ့ စိတ်ဖိစီးမှုက အရမ်းကို မြင့်မားနေပြီး အဲဒါကြောင့်ပဲ သူတို့ကို အာဖဂန်နစ္စတန်အပြင်ဘက်ကို ခေါ်ထုတ်နိုင်အောင် မြန်မြန်လှုပ်ရှားဖို့ အရမ်းအရေးကြီးခဲ့တာပါ”

“ဒီကိစ္စဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ အံ့အားသင့်စရာကောင်းတဲ့ လူတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ကောင်မလေးတွေ မကြာခင်မှာ လွတ်လွတ်လပ်လပ်နဲ့ အသက်ရှူနိုင်တော့မှာပါ။ ပြီးတော့ လေယာဉ်စင်းလုံးငှားဖို့ ငွေကြေးလှူဒါန်းခဲ့တဲ့အတွက် ကင်မ် ကာဒါရှီယန်ကို အများကြီး ကျေးဇူးတင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

လိဒ်စ်အသင်းပိုင်ရှင် ရာဒရစ်ဇာနီကလည်း ဒီအစီအစဉ် ဖြစ်မြောက်ဖို့အတွက် ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး “ကျွန်တော် အာဖဂန်က လူငယ်အသင်းကို ကယ်တင်ဖို့အတွက် အကူအညီတောင်းတဲ့ ဖုန်းလက်ခံရရှိခဲ့တဲ့အချိန်မှာ ဘယ်ကနေ ဘာစလုပ်လို့ လုပ်ရမှန်းတောင် မသိခဲ့ပါဘူး။ ဒီနေ့တော့ သူတို့တွေ ယူကေကို ပျံသန်းထွက်ခွာခဲ့ပါပြီ။ ဒီကိစ္စကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့အသင်းမှာ တစ်စိတ်တပိုင်းပါဝင်ခွင့်ရတာ အရမ်းဂုဏ်ယူမိပါတယ်။ တစ်နေ့ကျရင် သူတို့ လိဒ်စ်ယူနိုက်တက်အသင်းမှာ ကစားနိုင်လိမ့်မယ်လို့ အိပ်မက်ကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible