Facial Hair တွေဟာ ယောင်္ကျားပီသမှုရဲ့ အမှတ်လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ မုတ်ဆိတ်ထားတာဟာ အလှအပရေးရာသက်သက်အပြင် လူနေမှုအဆင့်အတန်းတစ်ခုရဲ့ ပြယုဂ်လိုပါ သဘောထားကြပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာ လီယိုနာဒို ဒီကာပရီယို ၊ ဘရက်ဒ်ပစ် ၊ တွမ်ဟာဒီနဲ့ အိုင်းဒရစ် အယ်လ်ဘာတို့ဟာ မုတ်ဆိတ်နဲ့ အမြဲခန့်ညားကြသူတွေ ဖြစ်ပါတယ်။
ဒီလို မုတ်ဆိတ်စတိုင်တွေထဲမှာ သိပ်ပြီး Full Beard မကြိုက်သူတို့အတွက် ညွှန်းပေးချင်တာက Goatee ဒီဇိုင်းဖြစ်ပါတယ်။ Goatee ဟာ မေးစေ့ပေါ်က အမွေးအမှင်တွေနဲ့ အပေါ်နှုတ်ခမ်းမွေးတို့ ပေါင်းစပ်ထားတဲ့ Beard စတိုင်ကို ပြောတာ ဖြစ်ပါတယ်။ များသောအားဖြင့် Goatee စတိုင်တွေက တိုတိုကပ်ကပ် မုတ်ဆိတ်ဒီဇိုင်းထဲမှာ ပါရှိပြီး ပုံမှန်ထိန်းသိမ်းမှုလည်း လုပ်ပေးဖို့ လိုတဲ့ မုတ်ဆိတ်အမျိုးအစားဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာ အမျိုးသားတွေအတွက် အကောင်းဆုံး Goatee မုတ်ဆိတ်စတိုင်တချို့အကြောင်း မျှဝေလိုက်ပါတယ်။
(၁) Full Goatee

Photo: fashionbeans
Full Goatee ဟာ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးကို တစ်စပ်တည်း ဆက်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး နှုတ်ခမ်းတစ်ဝိုက်စက်ဝိုင်းပုံ ရိတ်ထားတာ ဖြစ်ပါတယ်။ Full Goatee ဟာ အရှည် ၊ အတို ကြိုက်သလို ထားနိုင်ပါတယ်။ သိပ်ရှည်လွန်းရင်တော့ ကြည့်ရဆိုးနိုင်လို့ မတိုမရှည်ထားတာမျိုး အကြံပြုပါတယ်။ Full Goatee ဟာ မျက်နှာအချိုးအစား အတော်များများနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာဝိုင်းတဲ့သူတွေ ပိုထားသင့်တဲ့ Beard ဒီဇိုင်း ဖြစ်ပါတယ်။
(၂) Van Dyke

Photo: fashionbeans
Van Dyke Goatee ဒီဇိုင်းကို ဒေးဗစ်ဘက်ခ်ဟမ်း ၊ ဂျွန်နီဒက်ပ် ၊ ရောဘတ်ဒေါင်းနင်း ဂျူနီယာ နဲ့ တခြားနာမည်ကျော်တွေ ထားတတ်ကြပါတယ် ။ Van Dyke အမျိုးအစားက အပေါ် နှုတ်ခမ်းမွေး နဲ့ မုတ်ဆိတ်တို့ အဆက်အစပ်မရှိတဲ့ ဒီဇိုင်းပါ။ တချို့တွေလည်း ခပ်တိုတို ထားတတ်သလို တချို့သူတွေကျတော့လည်း အရှည်ထားတတ်ကြပါတယ်။ သပ်သပ်ရပ်ရပ်ရှိချင်ရင် တစ်ပတ်တစ်ခါလောက် ပြုပြင်ထိန်းသိမ်းပေးဖို့ လိုပါမယ်။
(၃) Anchor Goatee

Photo: fashionbeans
မေးရိုးတစ်လျှောက် မုတ်ဆိတ် ၊အောက်နှုတ်ခမ်း အမွေးအမှင်နဲ့ နှုတ်ခမ်းမွေးတို့ရဲ့ ပုံစံဟာ ရုတ်တရပ်ကြည့်လိုက်ရင် ကျောက်ဆူးလေးလို ဖြစ်နေတာကြောင့် Anchor Goatee လို့ ခေါ်ကြပါတယ်။ မုတ်ဆိတ်ချည်း ထားတာထက်စာရင် ပါးသိုင်း ၊ မုတ်ဆိတ်မွေးပါတာကို သဘောကျသူတွေအကြိုက် ဒီဇိုင်းပါ။ မျက်နှာရှည်သူတွေနဲ့ အသည်းပုံ မျက်နှာပိုင်ရှင်တွေ ထားသင့်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။
(၄) Stubble Goatee

Photo: fashionbeans
ပါးကပ်ကပ် Stubble မုတ်ဆိတ်ဒီဇိုင်း ကြိုက်တတ်ရင် Stubble Goatee ထားသင့်ပါတယ်။ တကယ်တော့ Stubble စတိုင်ဆိုတာ ရိတ်ပြီး ၅-၁၀ ရက် လောက်အကြာမှာ ထွက်လာတဲ့ Facial Hair ဆိုဒ်ကို ပုံသွင်းထားတာ ဖြစ်ပါတယ်။ မုတ်ဆိတ်အထူကြီးတွေ မထားချင်ရင် တစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် ရိတ်ပြီး Stubble ထားနိုင်ပါတယ်။
ဒီ Goatee စတိုင်တွေက အမျိုးသားတို့အတွက် အကောင်းဆုံး Goatee Beard စတိုင်တွေပါပဲ။ တခြား Goatee စတိုင်တွေထဲက နာမည်ကြီးတာကတော့ Royale Goatee ၊Pencil Goatee နဲ့ Goatee With Stubble စတိုင်တို့ပဲ ဖြစ်ပါတယ်။
Featured Photo: Gillette UK
