လူတွေဟာ အချိန်အကန့်အသတ်ရှိတဲ့ ဘဝခရီးကို ဖြတ်ကျော်ပြီး ကိုယ်လိုရာကို ခရီးဆက်နေကြတာပါ။ ရင့်ကျက်လာတာနဲ့အမျှ ဘဝအတွေ့အကြုံတွေဟာ အရင်ကထက် ဆန်းပြားလာပါတယ်။ ဒီလို ဆန်းပြားတဲ့ ဘဝရေစီးမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ အဆင်ပြေပြေ ဆက်ဆံရတာ သဘာဝပါပဲ။
တချို့လူတွေက အသိအကျွမ်းအဆင့် ရှိပြီး တချို့တွေကတော့ လုပ်ဖော်ကိုင်ဖက် ၊ မိတ်ဆွေ ၊ သူငယ်ချင်း စတဲ့စတဲ့ ကွဲပြားခြားနားတဲ့ ဆက်ဆံရေးတွေနဲ့ လက်တွဲဖြစ်ကြတတ်ပါတယ်။ တချို့တွေဟာ ခဏတပန်းတွေ့ကြုံ ဆက်ဆံဖို့ အဆင်ပြေပြီး တချို့သူတွေဟာ ဘဝတစ်လျှောက်လုံးစာ မိတ်ဆွေတွေ ဖြစ်လာကြပါတယ်။ တချို့သူငယ်ချင်းတွေကတော့ မပေါင်းလည်း ဖြစ်သလို ပေါင်းရင်တောင် စိတ်ဆင်းရဲရမယ့်လူမျိုးတွေ ဖြစ်တတ်ကြပါတယ်။
ဘယ်လို မိတ်ဆွေမျိုးကို ကိုယ့်ဘဝတစ်လျှောက် ခရီးဖော်အဖြစ် ခေါ်သွားစရာမလိုသလဲ ကြည့်လိုက်ရအောင်ပါ။
(၁) ကိုယ့်အတွက် မပျော်နိုင်တဲ့သူ

Photo: Unsplash
သင့်ပျော်ရွှင်မှုကို ဖျက်လိုဖျက်ဆီးလုပ်ချင်သူ ၊ သင့်အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာကို လေးစားမှု မရှိသူ နဲ့ သင့်ရဲ့ တိုးတက်မှုအတွက် မပျော်မရွှင်ဖြစ်ရသူတွေဟာ အတူပေါင်းနေရတဲ့ ရန်သူလိုပါပဲ။ ဒီလိုလူတွေကို ပေါင်းတာဟာ အဆိပ်ရှိတဲ့ မြွေကို အိပ်ရာထဲ ခေါ်သိပ်ထားသလို အန္တရာယ်ကြီးပါတယ်။ သင့်အတွက် မုဒိတာ မပွားနိုင်တဲ့ သူငယ်ချင်းတွေကို ချန်ထားခဲ့တာ အကောင်းဆုံးပါပဲ။
(၂) ရည်းစားဟောင်းရဲ့ သူငယ်ချင်းတွေ

Photo: Unsplash
အရင်က ချစ်ခဲ့တဲ့ မိန်းကလေးကြောင့် ပေါင်းသင်းခဲ့တဲ့ အသိအကျွမ်းတွေထဲမှာ သင့်အတွက် အဆင်မပြေတဲ့လူတွေ ရှိတယ်ဆိုရင် စိတ်ချလက်ချသာ လက်ပြလိုက်ပါတော့။ သင်မပတ်သက်ချင်သူကို အဆက်ဖြတ်ခွင့်ရှိပါတယ်။ Ex မျက်နှာကြောင့် မချစ်သော်လည်း အောင့်ကာနမ်းခဲ့ရတဲ့ မိတ်ဆွေတွေကို နောက်မှာ ချန်ခဲ့တာ ပြဿနာမရှိပါဘူး။
(၃) လိုမှ လာတဲ့လူမျိုး

Photo: Unsplash
သင့်ဆီက အကူအညီလိုတဲ့အချိန်မှာ အပြေးလာပြီး ကျန်တဲ့အချိန်ဆို သင့်ကို တစ္ဆေတစ်ကောင်လို ဆက်ဆံသူမျိုးကလည်း တစ်ဘဝလုံးပေါင်းဖို့ မတန်တဲ့စာရင်းမှာ ပါပါတယ်။ ဒီလို လူတွေဟာ သူတို့လိုအင်ပြည့်ဖို့အတွက်ပဲ တခြားသူတွေကို ဆက်ဆံတတ်ကြပါတယ်။ မတော်ခေါ် ခေါ်ပြီး မိတ်ဆွေအဖြစ် ဆက်ဆံရုံက လွဲပြီး သူတို့ကို ကိုယ့်ဘဝထဲ မထည့်မိဖို့ အကြံပြုချင်ပါတယ်။
(၄) အရက်ဆိုင်မှာ တွေ့တဲ့လူမျိုး

Photo: Unsplash
သောက်ရင်းစားရင်း တွေ့တဲ့လူ အများစုက အရက်ဝိုင်းမှာပဲ ချန်ထားခဲ့သင့်တဲ့ လူတွေ ဖြစ်တတ်ကြပါတယ်။ ကလပ်တွေ ၊ ပါတီတွေ သွားရင်း တွေ့တဲ့ လူတွေက သင့်ဘဝနဲ့ မဆိုင်တာများပါတယ်။ ဒီလို ပြောလို့ ဘားမှာ တွေ့ပြီး သိကျွမ်းလာတဲ့ လူတိုင်း ဒီလိုပဲလို့ ပြောတာ မဟုတ်ပါဘူး။ အများစုကတော့ ဘားမှာ တွေ့ရင် အဲ့ဘားမှာပဲ ထားခဲ့ပြီး ဘဝထဲ ဆွဲသွင်းလို့ မဖြစ်တာကြောင့် ဖြစ်ပါတယ်။
Featured Photo: Medium
