မန်ချက်စတာစီးတီးရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းနားဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မန်စီးတီးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်သုံးပွဲစလုံး လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo : Reuters
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံအသင်းအတွက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနှင့် ဝေးလ်စ်အသင်းတို့ ၁ – ၁ ဂိုးသရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကွာရန်တင်း (၁၀) ရက် ဝင်ရန်လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်၊ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွေနဲ့ လွဲချော်ရတော့မှာဖြစ်ပြီး နည်းပြပတ်ဂွာဒီယိုလာအနေနဲ့ အရေးကြီးတဲ့ပွဲစဉ်တွေကို ဒီဘရိုင်းနားမပါဝင်ပဲ ကစားသွားရတော့မှာပါ။
ဒီဘရိုင်းနားအနေနဲ့ လာမယ့် နိုဝင်ဘာ ၂၈ ရက်မှာ မန်စီးတီးအိမ်ကွင်း အက်တီဟတ်မှာ လက်ခံကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်အတွက်လည်း လေ့ကျင့်ချိန်နည်းနေတာကြောင့် အဆိုပါပွဲစဉ်နဲ့ပါ ထပ်မံလွဲချော်နိုင်ခြေများနေတာ ဖြစ်ပါတယ်။

Photo : Goal.com
“လွန်ခဲ့တဲ့နှစ်ရက်က သူ့မှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း အကြောင်းကြားလာတယ် ၊ ကြံ့ခိုင်မှုအကြောင်း မေ့ထားပြီး အမြန်ဆုံး ပြန်ကောင်းလာဖို့ပဲ လိုတယ် ၊ ဒါ့ထက်ပိုပြီး အရေးကြီးတာမရှိဘူး ၊ သူက ကာကွယ်ဆေးထိုးထားပြီးသားလည်းဖြစ်လို့ ရောဂါလက္ခဏာအရမ်းမပြင်းထန်ဖို့ပဲ မျှော်လင့်ရတယ်၊ သူလည်း အမြန်ဆုံးပြန်ကောင်းလာမှာပါ ၊ လွဲချော်မယ့်ပွဲစဉ်တွေအတွက် ကျွန်တော်တို့စိုးရိမ်စရာမရှိပါဘူး ၊ သူ့ကိုပဲ အကောင်းဆုံးကူညီရမယ် ” လို့ မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက ပြောပါတယ်။
ကယ်ဗင်ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းအတွက် အားထားရတဲ့ အကောင်းဆုံးကွင်းလယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ဝေးလ်စ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံအသင်းပွဲစဉ်မှာလည်း ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုးတစ်ဂိုး စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။
Featured Photo : The Athletic
