မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနဲ့ လမ်းခွဲဖို့ သဘောတူခဲ့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့နေရာမှာ လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်၊ အိုင်းယက်စ်နည်းပြ အဲရစ် တန် ဟက်ဂ်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Photo: Football365
ပြင်သစ်လူမျိုးနည်းပြဟာ ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ သက်တမ်း ၂ ကြိမ်မှာ လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့သူဖြစ်တယ်လို့ သတင်းတွေအရ သိရပြီး အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်က ဆိုးလ်ရှားရဲ့နေရာမှာ ပြင်သစ်လူမျိုးနည်းပြနဲ့ အစားထိုးနိုင်ဖို့ ဆွဲဆောင်ရာမှာ ပေါ်တူဂီကြယ်ပွင့်ကို အသုံးချသွားမယ်လို့ သိရပါတယ်။
နည်းပြဇီဒန်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ခြင်းမရှိသေးသူဖြစ်ပြီး သိပ်မကြာမီကာလအတွင်းမှာ ပြင်သစ်လက်ရွေးစင်နည်းပြဖြစ်လာဖို့အတွက် စောင့်မျှော်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ဇီဒန်းကိုသာ အိုးထရက်ဖို့ဒ် ရောက်ရှိလာအောင် မစည်းရုံးနိုင်ခဲ့ဘူးဆိုရင် ဘရန်ဒန် ရော့ဂျားစ်ကပဲ မန်ချက်စတာယူနိုက်တက်အတွက် အသင့်တော်ဆုံးနည်းပြအဖြစ် ရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ကာလ်တန် ကိုးလ်က လက်စတာစီးတီးနည်းပြအနေနဲ့ ယူနိုက်တက် နည်းပြဖြစ်လာခဲ့ရင် ရော်နယ်လ်ဒိုကို ကန်ထုတ်ဖို့ တိုက်တွန်းပြောကြားထားပါတယ်။

Photo: Sports.fr
“ရော်နယ်လ်ဒိုကို ကန်ထုတ်ပစ်လိုက်။ ရော့ဂျားစ်က သူ့ကို ကန်ထုတ်ပစ်ရမှာပါ။ အကြောင်းအရင်းက ဘာကြောင့်လဲဆိုရင် ခင်ဗျားမှာ အနာဂတ်ကို တည်ဆောက်ချင်တဲ့ ဘရန်ဒန် ရော့ဂျားစ်လိုလူမျိုး ရှိနေလို့ပါ။ သူတို့မှာ မကစားခဲ့ရသေးတဲ့ အရမ်းကောင်းတဲ့ကစားသမားတွေရှိနေပြီး သူတို့တွေက အသင်းထဲမှာ အလားအလာအနည်းငယ်ရှိနေပြီး ဂျုဒ် ဘယ်လင်ဂမ် ရောက်လာဖို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်”
“ခင်ဗျား အနာဂတ်အတွက် စီမံကိန်း ဆွဲရမှာပါ။ ရော်နယ်လ်ဒိုက မန်ယူနိုက်တက်ရဲ့အနာဂတ်လား။ သူ(ဘရန်ဒန် ရော့ဂျားစ်) ဘယ်လိုကစားချင်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ သူက ဖိအားမြင့်မြင့်ပေးပြီး ကစားတာကို နှစ်သက်တယ်။ သူ မြင့်မားတဲ့အင်အားနဲ့ ကစားတာ နှစ်သက်တယ်။ ဘောလုံး မကိုင်ထားဘဲ ကစားရတာကို သူ နှစ်သက်ပါတယ်။ သူက အသင်းရဲ့ ကစားကွက် ဒါမှမဟုတ် စနစ်ထဲမှာ အံမဝင်တဲ့ ကစားသမားတွေကို အပြတ်ရှင်းမှာပါ။ အဲဒီလိုမှမဟုတ်ရင် သူ့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းကို သူ ဆန့်ကျင်ရတော့မှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Featured Photo: Mirror
