တနင်္ဂနွေနေ့က ပြင်သစ်လီဂူးဝမ်း ပွဲစဉ်(၁၅) အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ စိန့်အက်တီယန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ လီယွန်နယ်မက်ဆီရဲ့ ဟတ်ထရစ် ဂိုးဖန်တီးပေးမှုနဲ့အတူ ၃ – ၁ ဂိုးရလဒ်ဖြင့် ပီအက်စ်ဂျီအသင်း အနိုင်ရရှိသွားခဲ့ပါတယ်။

Photo : ESPN
အဆိုပါပွဲစဉ်မှာတော့ လူအင်အားအတောင့်အတင်းနဲ့ ပွဲထွက်လာတဲ့ ပီအက်စ်ဂျီအသင်းက အိမ်ရှင် စိန့်အက်တီယန်အသင်းကို ဦးဆောင်တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲကစားချိန် ၁၇ မိနစ်မှာ စိန့်အက်တီယန်ကစားသမားတွေကို ကျော်ဖြတ်ဖို့ကြိုးစားရင်း နေမာတစ်ယောက် ဘယ်ဘက် ခြေကျင်းဝတ်ဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိသွားခဲ့ပါတယ်။ ဆက်လက်ပြီး ပွဲကစားချိန် ၂၅ မိနစ်အရောက်မှာတော့ စိန့်အက်တီယန်ကစားသမား ဘွန်ဂါရဲ့ အကောင်းမွန်ဆုံး အဆုံးသတ်ကန်ချက်နဲ့ ပီအက်စ်ဂျီအသင်း ဦးဆောင်ဂိုးစတင် ခွင့်ပြုလိုက်ရပါတယ်။
ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်မှာတော့ စိန့်အက်တီယန် နောက်ခံကစားသမား ကိုလိုဇီယက်ချက်ဟာ ဘာပေကို ဖြတ်ထုတ်မှုကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ပြီး ပီအက်စ်ဂျီအသင်း ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ အဆိုပါ ပြစ်ဒဏ်ဘောအား မက်ဆီမှကန်တင်ကာ အကောင်းဆုံးဖန်တီးပေးပို့ခဲ့မှုကနေတဆင့် မာကင်ဟို့စ်က လှလှပပခေါင်းတိုက်သွင်းယူခဲ့ကာ ပထမပိုင်းပြီးဆုံးခါနီးမှာပဲ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း တစ်ယောက်လျှော့နဲ့ အိမ်ရှင်စိန့်အက်တီယန်အသင်းကို ပီအက်စ်ဂျီအသင်းကပဲ ဆက်လက်ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၉ မိနစ်မှာ မက်ဆီရဲ့ နောက်ထပ်ဖန်တီးပေးပို့မှုကနေတဆင့် ဒီမာရီယာက အနီးကပ်ကန်သွင်းခဲ့တာကြောင့် ဒုတိယမြောက်ဦးဆောင်ဂိုးကို စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail
ပီအက်စ်ဂျီအသင်းအတွက် တတိယမြောက်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၉၀ ကိုကျော်လွန်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ မက်ဆီ ရဲ့ ဖန်တီးပေးမှုကနေတဆင့် မာကင်ဟို့စ်က နောက်ထပ်တစ်ကြိမ် ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ မက်ဆီအနေနဲ့ ဂိုးမသွင်းပေမယ့် ဟတ်ထရစ် ဂိုးဖန်တီးပေးမှုနဲ့အတူ ပီအက်စ်ဂျီအသင်း အဝေးကွင်း အနိုင်ရလဒ် ဖော်ဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ် မတ်လက ဂီတာဖေးနဲ့ ဘာစီလိုနာအသင်း ပွဲစဉ်မှာ ဟတ်ထရစ် ဂိုးဖန်တီးမှုပြုလုပ်ခဲ့သလို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ လက ဘက်တစ်နဲ့ ပွဲစဉ်မှာလည်း ဟတ်ထရစ် ဂိုးဖန်တီးပေးခဲ့ပြီး ယခုစိန့်အက်တီယန်အသင်းနဲ့ပွဲစဉ်မှာလည်း တစ်ပွဲတည်းဟတ်ထရစ် ထပ်မံဂိုးဖန်တီးပေးခဲ့ကာ ၂၀၂၁ ခုနှစ်ရဲ့ ဘောလွန်းဒီအော ဆုအတွက်လည်း ရေပန်းအစားဆုံး ကစားသမားအဖြစ် နာမည်ကြီးနေတာဖြစ်ပါတယ်။
Featured Photo : El Carabobeño
