ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု/တန်ဖိုးထားမှုဟာ အရာအားလုံးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဘယ်သူကမှ မွေးဖွားလာချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ လောကထဲ ဝင်ရောက်လာခဲ့ကြတာ မဟုတ်ပါဘူး။ ဖြတ်သန်းရတဲ့ဘဝအခြေအနေပေါ်မူတည်ပြီး အတွေ့အကြုံတွေ သင်ခန်းစာတွေကဆင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု/လေးစားတန်ဖိုးထားမှုတွေကို တဖြည်း ဖြည်းချင်း တည်ဆောက်ယူကြရတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားလာစေဖို့ တည်ဆောက်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) သင့်ကိုယ်သင်ပြောတဲ့ စကားတွေကို ဂရုစိုက်ပါ

Photo : Unsplash
တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ချက်တွေ ထုတ်တက်ကြပါတယ်။ ငါက အသုံးမကျဘူး ၊ အလုပ်တစ်ခုကို ဖြစ်မြောက်အောင်မြင်အောင်မလုပ်နိုင်ဘူး စသဖြင့် ကိုယ်ကိုယ်ကို မကောင်းတဲ့ သတ်မှတ်ချက်တွေ ပေးမိတက်ပါတယ်။ သင်ကိုယ်သင် အပြစ်တင်ခြင်းဟာ Self-Confidence ကိုလျော့ကျစေတယ်ဆိုတာ သတိပြုပါ။ အဲ့ဒီအစား ငါအကောင်းဆုံး ကြိုးစားမယ် ၊ ကျော်ဖြတ်နိုင်တယ် ၊ လုပ်နိုင်တယ်ဆိုတဲ့ အပြုသဘောတဲ့စိတ်စွမ်းအင်မျိုးနဲ့ ကိုယ်ကိုယ်ကို စွမ်းအားဖြည့်မယ်ဆိုရင် ယုံကြည်မှုလည်း တဖြည်းဖြည်း တိုးလာမှာဖြစ်ပါတယ်။
(၂) ကြောက်ရွံ့စိတ်တွေဖယ်ရှားပါ

Photo : igNation
ကြောက်ရွံစိတ်နဲ့ စိုးရိမ်ပူပန်ခြင်းတွေဟာ သံသယကိုဖြစ်စေပြီး ကျွန်တော်တို့ကို အားနည်းသွားစေပါတယ်။ ကိစ္စတစ်ခုကို လက်တွေ့မလုပ်ရသေးပဲ တွေးပူနေတာဟာ လက်တွေ့မကျသလို သင်ကိုယ်သင်လည်း ယုံကြည်မှု လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်အနေနဲ့ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားပြီး အကြောက်တရားနဲ့ တည့်တည့်ရင်ဆိုင်လိုက်ပါ။ ကိုယ်မလုပ်နိုင်ဘူး ထင်ထားတဲ့အရာတွေကို အကောင်းဆုံးဖြတ်ကျော်ပြီးချိန်မှာ သင်ကိုယ်သင်အထင်ကြီးမှု ယုံကြည်မှုတွေများစွာ ရရှိလာမှာဖြစ်ပါတယ်။
(၃) တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့

Photo : Fortune
တခြားသူတွေနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်နေတာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ၊ ယုံကြည်မှုတွေလျော့စေတဲ့အဆိုးဆုံး လုပ်ရပ်အမှားတစ်ခုပဲ ဖြစ်ပါတယ်။ သူများတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကိုယ့်ဘဝကို မကျေနပ်ချက်တွေ ၊ အားမလိုအားမရဖြစ်ခြင်းတွေနဲ့ ပျော်ရွှင်မှု ၊ ယုံကြည်မှုပျက်ပြားစေမှုကလွဲရင် သင်ဘာမှမရနိုင်ပါဘူး။ ဒါကြောင့် တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ သင်ရဲ့ လက်ရှိအခြေအနေအတိုင်းကိုသာ အကောင်းဆုံးလက်ခံ တန်ဖိုးထားပါ။
(၄) အသစ်သစ်တွေ လေ့လာသင်ယူပါ

Photo : Simplilearn
သင်ယူလေ့လာခြင်းကနေ ယုံကြည်မှုများစွာ ရနိုင်ပြီး သင့်အနေနဲ့ ပိုပြီးသိလာလေလေ တစ်စုံတစ်ခုမှာ ပိုပြီးကျွမ်းကျင်တက်မြောက်လာလေလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း တိုးမြင့်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့အရာတွေကို များများလေ့လာပါ။ အသစ်သစ်သောအရာတွေကို လေ့လာဆည်းပူးပါ။ လေ့လာသင်ယူခြင်းကနေ ရရှိလာတဲ့ ကျွမ်းကျင်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပေါင်းစပ်တဲ့အခါ အောင်မြင်မှုဆိုတာ ရလာတာပဲ မဟုတ်လား။
Featured Photo : Irreverent Gent
