အဝတ်အစားဝယ်တယ်ဆိုတာ ကျွန်တော်တို့ ယောကျာ်းလေးတွေအတွက်တော့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဘာလို့ဆို ယောကျာ်းလေးတွေက မိန်းကလေးတွေလောက် ဖက်ရှင်နဲ့ ပတ်သတ်ရင် အချိန်မပေးကြသလို ဈေးဝယ်တဲ့နေရာမှာလည်း သိပ်ပြီး စိတ်မရှည်ကြလို့ပါ။ ဒါကြောင့်လည်း ယောကျာ်းလေးတွေအနေနဲ့အဝတ်အစားအသစ်ဝယ်တဲ့အခါ အမှားယွင်းလေးတွေ များတက်တာဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် အဝတ်အစားအသစ်ဝယ်ရာမှာ ဆရာကျတဲ့ အမျိုးသမီးတို့ အကြံပြုထားတဲ့ Fashion Tips လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) အွန်လိုင်းကနေ လေ့လာပါ
Photo : The Manual
ဖက်ရှင်အတွဲအစပ်တွေအကြောင်း သိပ်မသိသေးတဲ့ သူတွေအနေနဲ့ ပထမဆုံးလုပ်နိုင်တာက အွန်လိုင်းကနေ လေ့လာတာပါပဲ။ အရင်ကတော့ Fashion မဂ္ဂဇင်းတွေ ကက်တလောက်တွေကနေ လေ့လာကြပေမယ့် ယနေ့ခေတ်မှာတော့ အွန်လိုင်းကနေပဲ အလွယ်တကူ လေ့လာလို့ရနေပြီဖြစ်ပါတယ်။ ဒါကြောင့် အဝတ်အစားမဝယ်ခင်မှာ ကိုယ့်ရဲ့ ပုံစံနဲ့ လိုက်မယ့် အဝတ်အစားပုံစံတွေ ၊ ဖက်ရှင်အတွဲအစပ်လေးတွေကို အွန်လိုင်းကနေ အရင်ဆုံးလေ့လာကြည့် သင့်ပါတယ်။
(၂) နေရာစုံဝတ်နိုင်မယ့် ဖက်ရှင်မျိုးရွေးပါ
Photo : iStock
အဝတ်အစားဝယ်တဲ့အခါ စဉ်းစားရမှာတစ်ခုက ဘယ်နေရာမဆိုဝတ်လို့ အဆင်ပြေမယ့် ဖက်ရှင်မျိုးကို ရွေးချယ်ဝယ်ယူဖို့ပါပဲ။ တစ်ခါဝတ်ပြီး ချောင်ထိုးရမယ့် တစ်ပွဲတိုးဖက်ရှင်တွေကို တက်နိုင်သလောက်ရှောင်ကြဉ်ပါ။ ကိုယ့်ရဲ့ နေစဉ်ဘဝမှာ အမြဲတမ်း ချဝတ်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျစေမယ့် ဖက်ရှင်မျိုးကိုပဲ ဦးစားပေးရွေးချယ်သင့်ပါတယ်။
(၃) မှန်ကန်တဲ့ဆိုဒ်ကို ရွေးချယ်ပါ
Photo : Freepik
သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်နိုင်ဖို့ဆို ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိကျတဲ့ အဝတ်အစားဆိုဒ်ကို ရွေးချယ်ဖို့လိုပါတယ်။ အင်္ကျီတစ်ထည်ဟာ သေးလွန်း ၊ ကြီးလွန်းနေရင် ကိုယ့်ရဲ့ ဖက်ရှင်အသွင်အပြင်ကို ထိခိုက်စေပြီး ဆွဲဆောင်မှုလျော့ကျစေမှာပါ။ ဒါကြောင့် အဝတ် အစားဝယ်တဲ့အခါ ကိုယ့်ရဲ့ပခုံး ၊ လက်မောင်း ၊ ရင်ဘတ်တို့နဲ့ Fitting ဖြစ်ရဲ့လား ၊ သက်တောင့်သက်သာရှိလားဆိုတာ စမ်းဝတ်ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
(၄) တစ်ဆိုင်ထဲက မရွေးပါနဲ့
Photo : Freepik
အဝတ်အစားဝယ်တဲ့အခါ တစ်ဆိုင်ထဲကိုပဲ ဝင်ကြည့်ပြီး ဒါကြိုက်တယ် ဒါယူမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ သေချာအချိန်ပေးပြီး ရွေးပါ။ ကိုယ်လိုချင်တဲ့ ပုံစံ ၊ ဒီဇိုင်း ၊ ကာလာကို မဝယ်ခင်ကတည်းက စဉ်းစားထားဖို့လိုပြီး ဆိုင်ရောက်တဲ့အခါမှာ လိုချင်တဲ့ပုံစံနဲ့ထပ်တူကျမယ့် အဝတ် အစားမျိုး သေချာလေးရွေးပါ။ ရောင်းတဲ့သူရဲ့ အကြံပြုချက်ကို အရမ်းကြီး မလိုက်ရောပါနဲ့။ ကိုယ်လိုချင်တဲ့ ဖက်ရှင်ပုံစံကိုပဲ သေချာရွေးပါ။ ဒီဆိုင်မှာမရနိုင်ဘူးဆို နောက်တစ်ဆိုင်ပြောင်းပြီး ရွေးကြည့်ပါ။ အဝတ်အစားဝယ်တယ်ဆိုတာ စိတ်ရှည်ဖို့လိုသလို ရှာရင်ရှာနိုင်သလောက် ကိုယ်နဲ့ပိုအဆင်ပြေတာ ရနိုင်ပါတယ်။
Featured Photo : GQ