နောက်ပိုင်းနှစ်တွေမှာ အသက်ကြီးသွားတဲ့ ဂျက်လီကို ရုပ်ရှင်ကားသစ်တွေမှာ မမြင်ရတော့ပေမယ့် တစ်ခေတ်တစ်ခါက ဂျက်လီဆိုတာ အက်ရှင်ချစ်တဲ့ ကလေးလူကြီးတွေရဲ့ အသည်းစွဲမင်းသားတစ်လက် ဖြစ်ခဲ့ပါတယ်။ အာရှမင်းသားတွေထဲမှာ ကမ္ဘာက သိရတဲ့ ဂျက်လီဟာ အနောက်နိုင်ငံက ရိုက်တဲ့ Lethal Weapon 4 (1998) ၊ Romeo Must Die (2000) ၊ The Mummy: Tomb of The Dragon Emperor (2008) နဲ့ The Expendables (2010) လို ကမ္ဘာကျော် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
တရုတ်မင်းသားတစ်လက်ဆိုပေမယ့် တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်ခဲ့တဲ့ ဂျက်လီဇာတ်ကားတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ အကောင်းဆုံးရုပ်ရှင်တွေအဖြစ် ပြန်ပြီး ရွေးထုတ် တင်ဆက်ပေးချင်တဲ့ ကားတွေကတော့…..
(၁) Once Upon A Time In China (1991)
Photo: theactionelite
ဒီကားက ကျွန်တော်တို့ မမွေးခင်က ထွက်ခဲ့တဲ့ ကားဆိုပေမယ့် အခုထက်ထိ မမေ့နိုင်အောင် နှစ်သက်ကြသူတွေ ရှိမှာပါ။ ဂျက်လီရဲ့ ပထမဆုံးရုပ်ရှင်က ၁၉၈၂ ခုနှစ်ထွက် Shaolin Temple ဖြစ်ပေမယ့် သူ့ရဲ့ သရုပ်ဆောင်ဘဝကို အောင်မြင်ကျော်ကြားစေခဲ့တဲ့ ရုပ်ရှင်ကတော့ Once Upon A Time In China ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက ဝမ်ဖေ့ဟုံ ဇာတ်ကောင်ဟာ ကျော်ကြားလှတဲ့ ဇာတ်ကောင်နာမည်ပဲ ဖြစ်ပါတယ်။
Once Upon A Time In China ရုပ်ရှင် ပေါက်သွားပြီး II, III , IV , V နဲ့ Once Upon A Time In China and America ဆိုပြီး နောက်ထပ် ၅ ကားထပ်ထွက်ခဲ့ပါတယ်။ ဂျက်လီကတော့ ၁၉၉၂ မှာ ထွက်တဲ့ ဒုတိယစီးရီးအထိပဲ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(၂) The Legend of The Swordsman/Swordsman II (1992)
Photo: trendrr
The Swordsman ရဲ့ ၁၉၉၀ ခုနှစ်က ရုပ်ရှင်မှာ ဂျက်လီ မပါခဲ့ပေမယ့် ၁၉၉၂ မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက် The Legend Of The Swordsman ဆိုတဲ့ Swordsman II မှာ ဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင် Box Office မှာ ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး အောင်မြင်မှုရခဲ့လို့ ဒီနေ့တိုင် ဇာတ်လမ်းတွဲသစ်တွေ့ ဆက်လက်ရိုက်ကူးနေရဆဲ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။
(၃) Tai Chi Master/Twin Warriors (1993)
Photo: Rotten Tomatoes
အမေရိကန်မှာ ဖြန့်ချိခဲ့တဲ့ ဂျက်လီရဲ့ ရုပ်ရှင်ကားတွေထဲမှာ Twin Warriors ရုပ်ရှင်လည်း ပါဝင်ပါတယ်။ နာမည်ကျော် အက်ရှင်မင်းသမီး မီချဲလ် ယိုချ်နဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားတာပါ။ သူတို့နှစ်ဦးဟာ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ The Mummy: Tomb of The Dragon Emperor မှာလည်း နောက်တစ်ကြိမ် အတူ သရုပ်ဆောင်ခဲ့ပါသေးတယ်။
(၄) Fong Sai Yuk/ The Legend (1993)
Photo: martial arts entertainment
အက်ရှင်မင်းသား ဂျက်လီရဲ့ အောင်မြင်တဲ့ သိုင်းကားတစ်ကားက Fong Sai Yuk ဖြစ်ပါတယ်။ဟောင်ကောင်မင်းသမီးကြီး ဂျိုးဆက်ဖင်း ဆိုင်ယို နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တာပါ။ ဒုတိယမြောက် Fong Sai-Yuk II မှာလည်း သူတို့နှစ်ဦးပဲ ပါဝင်ခဲ့ပါတယ်။
(၅) Fist of Legend (1994)
Photo: filmfed
ဂျက်လီရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားအဖြစ် သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ အံ့အားသင့်စရာကောင်းလောက်အောင် Rotten Tomatoes က 100% Score ပေးထားတာ ဖြစ်ပါတယ်။ဂျက်လီ ၊ ယာဆူယာကီ ကူရာတာ နဲ့ ဘီလီချောင်တို့ရဲ့ ဖိုက်တင်ခန်းတွေဟာ ချီးကျူးစရာကောင်းခဲ့ပါတယ်။ နာမည်ကျော် The Matrix ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဝါရှောင်စကီမိသားစုတောင် Fist of Legend ရဲ့ လွှမ်းမိုးမှုရှိခဲ့တယ်လို့ အများက ယူဆခဲ့ကြပါတယ်။
ဒီရုပ်ရှင်တွေအပြင် စာရင်းမှာ အသေးစိတ်မဖော်ပြဖြစ်ဘဲ ကျန်နေခဲ့တဲ့ ဂျက်လီရဲ့ အကောင်းဆုံးရုပ်ရှင်စာရင်းမှာ My Father is a Hero/The Enforcer (1995) ၊ Black Mask (1996) ၊ Lethal Weapon 4 (1998) ၊ Lethal Weapon 4 (1998) နဲ့ Fearless (2006) တို့လည်း ပါဝင်တယ်လို့ ဆိုချင်ပါတယ်။
Featured Photo: FilmFed