အာကာသအလည်အပတ်ခရီးဆိုတာ အရင်လို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် မဆန်တော့ပါဘူး။ ပုဂ္ဂလိကအာကာသလုပ်ငန်းတွေဟာ Space Tourism လို့ ခေါ်တဲ့ အာကာသခရီးသွားလာရေးလုပ်ငန်းဘက်ကို အကြီးအကျယ် အာရုံစိုက်လာနေပါတယ်။ ထင်ရှားတဲ့ အာကာသကုမ္ပဏီတွေထဲမှာ Boeing ၊ SpaceX ၊ Blue Origin ၊ Virgin Galactic န့ Sierra Nevada ကော်ပိုရေးရှင်းတို့ကို လူသိများပါတယ်။

ဒီကုမ္ပဏီတွေဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အာကာသခရီးစဉ်တွေ စတင်တော့မှာပါ။ ဒီနှစ်ထဲမှာကို Blue Origin နဲ့ Virgin Galactic တို့ဟာ ကမ္ဘာပြင်ဘက် အာကာသနယ်စပ်ကို ပထမဆုံးအကြိမ် လူလိုက်ပါပျံသန်းမှု လုပ်ဆောင်ထားပါတယ်။ အာကာသခရီးသွားလာမှုဟာ စရိတ်စကအလွန်ကြီးတဲ့ကိစ္စဖြစ်တာကြောင့် အာကာသခရီးစဉ် လက်မှတ်တစ်စောင်တန်ကြေးကလည်း မယုံနိုင်လောက်အောင် များပြားလှပါတယ်။

Inside Virgin Galactic

Photo: NY Times

ဒီဇင်ဘာ ၈ ရက်နေ့က ဂျပန်ဖက်ရှင်ဘီလျံနာ မာအီဇာဝါဟာ ၁၂ ရက်ကြာ နိုင်ငံတကာအာကာသစခန်း ခရီးစဉ်အတွက် ဒေါ်လာ ၈၈ သန်း ကုန်ကျခံပြီ ခရီးထွက်သွားခဲ့ပါတယ်။ ကမ္ဘာပြင်ပ အာကာသခရီးအတွက် အာကာသခရီးစဉ်လက်မှတ်တစ်စောင်ဟာ ဒေါ်လာသန်းချီပြီး မကုန်ပေမယ့် ဒေါ်လာသိန်းဂဏန်းတော့ ရှိပါတယ်။ နာမည်ကြီး ဗြိတိန်စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်ပိုင် Virgin Galactic ဟာ အာကာသခရီးစဉ်လက်မှတ်တစ်စောင်ကို ဒေါ်လာ ၄ သိန်းခွဲ (မြန်မာငွေ သိန်း ၈၅၀၀) ခန့် ဈေးနဲ့ ရောင်းချနေပါတယ်။

အစောပိုင်းက လက်မှတ်တစ်စောင်ကို ဒေါ်လာ ၂ သိန်းခွဲဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ Virgin Galactic နဲ့ အာကာသခရီးထွက်ဖို့ လက်မှတ်ဖြတ်ထားသူ ၇၀၀ ရှိတယ်လို့ ဆိုပါတယ်။ Virgin Galactic နဲ့ ပြိုင်ဘက် Blue Origin ကတော့ လက်မှတ်ဈေး သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ဈေးမကြေညာသေးပေမယ့် Blue Origin အာကာသခရီး လက်မှတ်တစ်စောင်ဈေးဟာ Virgin Galactic ထက် လျော့မှာ မဟုတ်လို့ လမ်ဘိုဂီနီပြိုင်ကားနှစ်စင်းစာ နီးနီးဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။

အာကာသလုပ်ငန်းဈေးကွက်လေ့လာသုံးသပ်တဲ့ Astralytical ဆိုတဲ့ လုပ်ငန်းတည်ထောင်သူ လော်ရာ ‌ဖော့စ်ဇစ်ခ်ကတော့ Blue Origin ရဲ့ New Shepard ကမ္ဘာပတ်ယာဉ်လက်မှတ်ဟာ ထိုင်ခုံတစ်နေရာ ဒေါ်လာ ၅ သိန်းအနည်းဆုံး ရှိမယ်လို့ ပြောထားပါတယ်။ ဟောလီးဝုဒ်မင်းသားကြီး တွမ်ဟန့်ခ်ကတော့ သူဟာ Star Trek မှာ ကပ္ပတိန်ဂျိမ်းစ်တီကရစ်ခ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဝီလျံ ရှက်တ်နာအရင် အာကာသထဲ ပျံသန်းဖို့ ဘီဇော့စ်ရဲ့ ချဉ်းကပ်မှု ရခဲ့တယ်လို့ ဆိုပါတယ်။

Blue Origin

Photo: positivelyosceola

“ဒေါ်လာ ၂၈ သန်းလောက် ကုန်မယ်ပြောတယ်။ ကျွန်တော်က ပိုက်ဆံတတ်နိုင်ပါတယ်။ ဒီလောက်ကတော့ ။ ဒါပေမယ့် ဒါမျိုး ကျွန်တော်ပေးမှာ မဟုတ်ပါဘူး”လို့ ဟန့်ခ်က Jimmi Kimmel Live မှာ ပြောခဲ့ပါတယ်။

NASA ရဲ့ Commercial Crew Program နဲ့ ပိုက်ဆံပေးပြီး လိုက်မယ်ဆိုရင် ထိုင်ခုံတစ်နေရာ ဒေါ်လာသန်း ၅၀ ကနေ ၅၅ သန်း ကျနိုင်ပါတယ်။ ပုဂ္ဂလိကအာကာသခရီးသွားလုပ်ငန်းတွေအနေနဲ့ နောက် ၄-၅ နှစ်ဆို တပျော်တပါးကြီး အာကာသသွားနိုင်ပြီဆိုတဲ့အကြောင်းတွေ ကြော်ငြာလာတော့မှာပါ။ ဒါပေမယ့်လည်း အာကာသလက်မှတ်တစ်စောင်ဈေးဟာ အနည်းဆုံး ဒေါ်လာ သိန်းဂဏန်းကနေ သန်းပေါင်းများစွာဆိုရင်တော့ ဘီလျံနာတစ်စုမှ တစ်ပါး ကျန်သူတွေက ကမ္ဘာပေါ်ကနေသာ အာကာသကို ငေးကြည့်ရုံတတ်နိုင်တော့မှာ ဖြစ်ပါတယ်။

Featured Photo: The Verge