နိုင်ငံတကာရုပ်ရှင်ချစ်သူတွေထဲမှာတောင် အာရပ်သရုပ်ဆောင်တွေအကြောင်း လူသိနည်းကြမယ် ထင်ပါတယ်။ အရှေ့အလယ်ပိုင်းသား အာရပ်သွေးပါတဲ့ ရုပ်ရှင်မင်းသားတွေထဲက အမေရိကန် ဟောလီးဝုဒ်လောကမှာ နာမည်ကျော်နေတဲ့သူတွေ ရှိပါတယ်။ တချို့ဆို အမြင့်ဆုံးဟောလီးဝုဒ်ရုပ်ရှင်ဆုဖြစ်တဲ့ အော်စကာဆုရထားတဲ့ မင်းသားတွေတောင် ပါဝင်နေပါတယ်။ ကဲ .. ဘယ်သူတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။
(၁) Omar Sharif
Photo: The Independent
Doctor Zhivago ၊ Lawrence Of Arabia နဲ့ Funny Girl စတဲ့ ဂန္ဓဝင်ရုပ်ရှင်တွေကို ကြည့်ဖူးသူတွေဟာ Omar Sharif ကို သိကြမယ်ထင်ပါတယ်။ အီဂျစ်နိုင်ငံ အလက်ဇန်းဒြားမြို့က လက်ဘနွန်-အီဂျစ်မိသားစုက ၁၉၃၂ ခုနှစ်မှာ မွေးဖွားလာတဲ့ သူဟာ ဟောလီးဝုဒ်မရောက်ခင် အီဂျစ်မှာကတည်းက နာမည်ကျော်သရုပ်ဆောင် ဖြစ်လာခဲ့သူပါ။ အပေါ်မှာ ပြောခဲ့တဲ့ ၁၉၆၅ ခုနှစ် Doctor Zhivago ကားအတွက် Golden Globe ဆု ရခဲ့သူလည်း ဖြစ်ပါတယ်။ မင်းသားကြီးဟာ အသက် ၈၃ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
(၂) Rami Malek
Photo: The Jakarta Post
ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာ အသက် ၄၀ ပြည့်သွားတဲ့ ရာမီမဲလက်ခ်ဟာ ၂၀၀၄ ခုနှစ်က Gilmore Girls ဆိုတဲ့ ဇာတ်လမ်းတွဲမှာ စတင်သရုပ်ဆောင်ခဲ့သူပါ။ နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းကား No Time To Die မှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်သက်တမ်း ၁၅ နှစ်အကြာ ၂၀၁၉ မှာ ဒီအာရပ်သရုပ်ဆောင်ဟာ ကမ္ဘာကျော်အဆိုတော် ဖရက်ဒီမာကျူရီရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် Bohemian Rhapsody နဲ့ အော်စကာဆု ရခဲ့ပါတယ်။ အီဂျစ်မိဘတွေက မွေးဖွားလာတဲ့ သူဟာ Mr. Robot မှာ Emmy Award ဇာတ်ဆောင်ဆု ရခဲ့သလို Night At The Museum ၊ 24 နဲ့ Th Pacific ကားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
(၃) Mo Amer
Photo: Netflix
ပါလက်စတိုင်း အမေရိကန် Stand-Up ဟာသပညာရှင်နဲ့ စာရေးဆရာ မိုအမ်မာဟာလည်း ဟောလီးဝုဒ်ကို ထိုးဖောက်လာတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ အရင်က ရုပ်ရှင်သရုပ်ဆောင်နောက်ခံသမိုင်း မရှိခဲ့ပေမယ့် ၂၀၂၂ မှာ ထွက်မယ့် DC ရဲ့ Superhero ရုပ်ရှင် Black Adam မှာ ဒွိုန်းဂျွန်ဆင်နဲ့အတူ တွဲဖက် သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သူကတော့ အလားအလာရှိတဲ့ စောင့်ကြည့်ရမယ့် အာရပ်သရုပ်ဆောင်လို့ ဆိုရမှာပါ။
(၄) Amr Waked
Photo: timesofisrael
အီဂျစ်သရုပ်ဆောင် Amr Waked ကတော့ ဇာတ်ပို့နေရာက အများဆုံးမြင်တွေ့ရလေ့ ရှိမှာပါ။ ဟောလီးဝုဒ်ရုပ်ရှင်လောကထဲ ၂၀၀၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Syriana ကားနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ Lucy ၊ Geostorm စတဲ့ ရုပ်ရှင်တွေမှာလည်း လူသိများခဲ့သူပါ။ ၂၀၁၉ ခုနှစ်မှ အီဂျစ်နိုင်ငံက သူ့ကို ထောင်ဒဏ် ၈ နှစ် အမိန့်ချခဲ့ပေမယ့် သူက စပိန်မှာ နေထိုင်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာ Hulu Seriesရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Ramy မှာ အဓိကဇာတ်ဆောင်မင်းသားရဲ့ ဖခင်နေရာက သရုပ်ဆောင်နေပါတယ်။
(၅) Tony Shalhoub
Photo: ICM Partners
အမေရိကန်အမေနဲ့ လက်ဘနွန်ဖခင်ဖြစ်သူတို့က ဝစ္စကွန်ဆင်မှာ မွေးလာတဲ့ သူဟာ Men In Black (1997) နဲ့ Men In Black (2002) တို့လို ကားကြီးတွေမှာ ပါဝင်ခဲ့ပါတယ်။ သူ့ကို နာမည်ကြီးစေခဲ့တဲ့ ရုပ်ရှင်တစ်ကားကတော့ Adrian Monk အဖြစ် သရုပ်ဆောင်တဲ့ Monk (2002) ရုပ်ရှင်ဖြစ်ပါတယ်။ Emmy Award ဆု ကို ၂၀၀၃ ကနေ ၂၀၀၆ ခုနှစ်အထိ ၄ ကြိမ် ဆန်ကာတင်ပါဝင်ခဲ့ပြီး ၂၀၀၃ ၊ ၂၀၀၅ နဲ့ ၂၀၀၆ တွေမှာ သုံးကြိမ် ဆုရခဲ့တဲ့ မင်းသားကြီးလည်း ဖြစ်ပါတယ်။
Featured Photo: Time