လူကြီးကားဆိုတာကတော့ ကျွန်တော်တို့ယောကျ်ားလေးတွေနဲ့ သိပ်မစိမ်းလှတဲ့ အပြာကား/ ညစ်ညမ်းရုပ်ရှင်တွေကို ပြောတာဖြစ်ပါတယ်။ အင်တာနက် တွင်တွင်ကျယ်ကျယ် မရသေးတဲ့ အရင်ခေတ်ကာလတွေမှာကတည်းက အပြာစာပေ/အပြာရုပ်ပြမဂ္ဂဇင်းတွေဟာ အမျိုးသားထုကြားမှာ သိုသိုသိပ်သိပ်နဲ့ လက်ဆင့်ကမ်းမျှဝေ ကြည့်ရှုခဲ့ကြရတာပါ။ အဲ့ဒီကနေတဆင့် အင်တာနက်ကဖေးဆိုင်တွေနဲ့ MP4 Player တွေပေါ်လာချိန်မှာတော့ အပြာရုပ်ရှင် တနည်းအားဖြင့် ညစ်ညမ်းကားတွေဟာ ပိုပြီးတစ်စထက် တစ်စကျယ်ပြန့်လာခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဝက်ဘ်ဆိုဒ်တွေ ၊ ဆိုရှယ်မီဒီယာတွေကနေ လွယ်လွယ်ကူကူရှာကြည့်နိုင်လောက်တဲ့အထိကို တိုးတက်ပြောင်းလဲ လာခဲ့ပါပြီ။ ဒါကြောင့်လည်း လေ့လာမှုတွေအရ ယနေ့ခေတ် အမျိုးသား ၈၆ – ၉၆ ရာခိုင်နှုန်းလောက်က လူကြီးကား/အပြာကား ပုံမှန်ကြည့်ရှု့လေ့ရှိကြတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒီလိုအပြာကားနဲ့ ညစ်ညမ်းရုပ်ရှင်တွေကို  စွဲစွဲလမ်းလမ်းကြည့်မိနေတာဟာ ကြာလာတာနဲ့အမျှ ရုပ်ပိုင်း/စိတ်ပိုင်း ကျန်းမာရေးတွေကို ဆိုးရွှာစွာထိခိုက်လာစေနိုင်တယ်ဆိုတာကိုလည်း သတိပြုစေလိုပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတိုင်းသိထားသင့်တဲ့ လူကြီးကား ၊ အပြာကား ၊ ညစ်ညမ်းရုပ်ရှင်တွေ စွဲလမ်းခြင်းရဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဓာတ်ကျစေတယ်

man watching at laptop

Photo : Addiction Center

အပြာကားစွဲလမ်းခြင်းဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ လေ့လာမှုတွေအရ အတည်ပြုထားပါတယ်။ နေ့စဉ်ဘဝထဲက အချိန်တော်တော်များကို အပြာရုပ်ရှင်တွေကြည့်ခြင်းအပေါ်မှာပဲ ကုန်ဆုံးနေမိတဲ့အခါ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်ခြင်း ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလျော့ကျခြင်းနဲ့ အထီးကျန်မှုတွေ ခံစားရစေပြီး လူမှု့အသိုင်းအဝိုင်းနဲ့ အဆက်ပြတ်ကာ လက်တွေ့ဘဝထဲက ပျော်ရွှင်စရာအချိန်တွေ ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်းထိခိုက်လာတာနဲ့အမျှ အနှေးနဲ့အမြန် စိတ်ကျရောဂါဝင်လာမှာ သေချာပါတယ်။

(၂) လိင်မှုဘဝကို ထိခိုက်စေတယ်

 My husband's porn addiction destroyed our marriage
Photo : New York Post

အပြာရုပ်ရှင်အများစုဟာ လက်တွေ့မကျတဲ့ ပြကွက်တွေ ၊ ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံနည်းတွေနဲ့ ကြည့်ရှုသူတွေရဲ့ အမြင်အာရုံကို လှည့်ဖြား ဆွဲဆောင်ထားကြပါတယ်။ ဒီလိုနည်းလမ်းတွေကို ကိုယ့်ရဲ့ ပါတနာနဲ့ လက်တွေ့လိုက်လုပ်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်ထဲကနည်းလမ်းတွေက ကိုယ့်ပေါ် လွှမ်းမိုးထားတဲ့အခါ လက်တွေ့လိင်မှုဘဝပုံစံဟာ ရိုးရှင်းငြီးငွေ့ဖွယ်ဖြစ်လာပြီး ကိုယ့်ရဲ့ ဆက်ဆံဖော်နဲ့ လိုအင်ဆန္ဒ မပြည့်ဝတာ ၊ တစ်ဦးနဲ့တစ်ဦးကြားက ရင်းနှီးမှု/ဆက်ဆံရေးပျက်ပြားလာတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။

(၃) အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကျူးလွန်မိနိုင်တယ်

man watching at laptop
Photo : RT

အပြာကား/အပြာရုပ်ရှင်တွေဟာ လိင်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အထတွေကို မျက်ကွယ်ပြုမိဖို့ အလားအလာပိုများစေနိုင်ပါတယ်။ ပြောရရင် အပြာရုပ်ရှင်တွေထဲကအတိုင်း အကာကွယ်မဲ့ လိင်ဆက်ဆံလိုစိတ် ၊ တစ်ဦးထက်ပိုသော ဆက်ဆံဖော်များနဲ့ လိင်ဆက်ဆံလိုစိတ် စသည်ဖြင့် လက်တွေ့ဘဝမှာ လိင်မှုဆိုင်ရာစိတ်ဆန္ဒတွေကို ပြင်းပြစေနိုင်ပြီး အဆင်အခြင်မဲ့ ဆက်ဆံမှုတွေကတဆင့် ကူးစက်လာနိုင်တဲ့ ရောဂါအန္တရာယ်နဲ့ နောက်ဆက်တွဲပြဿနာတွေကို မျက်ကွယ်ပြုမိ/ ကျူးလွန်မိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(၄) နေ့စဉ်ဘဝမှာ ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်

 man watching at laptop
Photo : Verywell Mind

အပြာရုပ်ရှင်တွေဟာ  အရက်နဲ့မူးယစ်ဆေးဝါးစွဲခြင်း ကဲ့သို့ စွဲလမ်းတပ်မက်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ အပြာကားတွေကို စွဲလန်းလာပြီဆိုတာနဲ့ တစ်နေ့တာမှာ အဲ့ဒီရုပ်ရှင်တွေကို မကြည့်ရမနေနိုင်တဲ့အထိ ဖြစ်လာပြီး အချိန်ကျတာနဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားတွေ ပြေးကြည့်မိတာမျိုးတွေ လုပ်မိတက်ပါတယ်။ ဒီလိုအပြာကား အလွန်အကြူး စွဲလန်းတပ်မက်ခြင်းကတဆင့် ကျန်းမာရေး ၊ လူမှုဆက်ဆံရေးနဲ့ အလုပ်အကိုင်တွေမှာပါ စွမ်းဆောင်ရည်တွေကျဆင်းလာပြီး နေ့စဉ်ဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။

Featured Photo : Healthwire