ငယ်တုန်းမှာတော့ ဘဝဆိုတာ ဝန်ထုပ်ဝန်ပိုးမဟုတ်သေးပါဘူး။ ကိုယ့်တာဝန်ကို မိဘက ယူထားတာကိုး ။ ပခုံးပြောင်းချိန်မှာ ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ်ကိုယ်တိုင် ဖွဲ့ဆိုတဲ့ ကဗျာ ၊ ဖန်ဆင်းတဲ့လမ်းဖြစ်လာပါတယ်။ ကိုယ်သွားမယ့်ခရီးအတွက် ကိုယ်ကိုယ်တိုင် လမ်းဖောက်ရာမှာ အရည်အချင်းမပါလာရင် ပြဿနာနွံတွေနဲ့ နစ်ရုံကလွဲပြီး ဘာအရိပ်အရောင်မှ ကောင်းစရာမြင်မှာ မဟုတ်ဘူးလေ။ ဒီတော့ တစ်ရက်ပြီးတစ်ရက် ကိုယ့်ကိုယ်ကိုယ် Smart ဖြစ်ဖို့ ငယ်ငယ်ကတည်းက ဒီအချက်တွေ လိုက်နာထားသင့်ပါတယ်။

(၁) သင့်ပင်ကိုယ်သိစိတ်ကို ယုံပါ

Adjusting the tie

Photo: Unsplash

ဘဝလမ်းကြောင်း ရွေးချယ်ရာမှာ ကိုယ်ဘာကို တကယ်ပဲ စိတ်နှစ်နိုင်သလဲဆိုတာကို သိအောင် ဖော်ထုတ်ရတာက အခက်ဆုံးဖြစ်ပါလိမ့်မယ်။ တခြားသူတွေ တန်ဖိုးထားရှာဖွေလိုက်စားနေတဲ့ အရာတွေက သင်နဲ့ အံဝင်ချင်မှ အံဝင်မှာပါ။ သင့်မှာ သင့်ကိုယ်ပိုင် ဗီဇစိတ်နဲ့ ပါရမီက ရှိပြီးသားပါ။ အဲ့ဒီနှစ်ခုစလုံးကို ယုံပါ။ သင့် ဗီဇစွမ်းရည်နဲ့ တကယ် Passion ဖြစ်တာကို သေချာရှင်းရှင်းလင်းလင်းနဲ့ သိအောင် လုပ်ပါ။ သိပြီဆိုတာနဲ့ လမ်းကြောင်းပေါ် ရောက်ပြီလို့ ပြောနိုင်ပါတယ်။

(၂) ပိုင်းခြားဆင်ခြင် တွေးတတ်အောင်လုပ်ပါ

Thinking

Photo: Unsplash

ဘာကိုဖြစ်ဖြစ် နမော်နမဲ့ ဒီအတိုင်း လက်ခံလိုက်တာမျိုး မလုပ်ပါနဲ့။ အကျိုးအကြောင်း အလေးအနက်ဆင်ခြင်ပြီး တွေးခေါ်ပါ။ သင့်ခေါင်းကို ပိုတောက်ပြောင်အောင် လုပ်နိုင်တဲ့နည်းလမ်းတစ်ခုက သင့်ဦးနှောက်ကို ထက်အောင် သွေးပြီး တွေးခေါ်ခြင်းပါပဲ။ သင့်ခေါင်းကို အလုပ်ကောင်းကောင်းခိုင်းပြီး အာဟာရပြည့်အောင် ထားခြင်းအားဖြင့် တစ်နေ့ထက်တစ်နေ့ ပိုပြီး တော်တဲ့ ထက်တဲ့လူ ဖြစ်လာမှာပါ။

(၃) သင်ယူနေပါ

Working Man

Photo: Unsplash

သင့်ကို ထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာအောင် ပုံဖော်ပေးမယ့်အရာက သင့်ရဲ့ အမြဲတမ်း လေ့လာချင်နေတဲ့စိတ် ၊ စပ်စုစူးစမ်းတဲ့ဓါတ်ခံပါပဲ။ ပညာရေးအရ ပြောမယ်ဆိုရင် ကျောင်းနဲ့ကန်နဲ့ သင်ရတဲ့ အဝန်းအဝိုင်းအလွန်က လက်တွေ့ဘဝပညာရေးပင်လယ်ပြင်ကြီးထဲမှာ ရွက်လွှင့်ချင်တဲ့စိတ် မွေးထားပါ။ ဘဝထဲက သင်စရာရှိတာတွေ တစ်နေ့မကျန် တစ်မျက်နှာမကျန် သင်သွားမယ်လို့ ဆုံးဖြတ်ထားပါ။

(၄) ကျန်းမာရေး ဂရုစိုက်ပါ

Running

Photo: Unsplash

ဘာပဲလုပ်ချင် လုပ်ချင် အရင်ဆုံး သင့်ကိုယ်နဲ့ စိတ်ကို ပြုပြင်ထားရပါတယ်။ ကျန်းမာတဲ့စိတ် ၊ ကြံ့ခိုင်တဲ့ရုပ်ကို အမှီပြုပြီးပဲ ကြီးပွားရေးဆိုတာ အားကောင်းမောင်းသန် ကြံစည်လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ ငယ်ကတည်းက အားကစားလိုက်စားပါ။ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ နေမှုထိုင်မှု ၊ စားသောက်မှုတွေ ရှောင်ပါ။ ကျန်းမာရေးအရရော တိုးတက်ကြီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့ အရက်သေစာ ၊ မူးယစ်ဆေးဝါးနဲ့ လမ်းမှားရောက်မယ့်ကိစ္စတွေကို တင်ကြို ရှောင်ကြဉ်ထားပါလို့ အကြံပေးချင်ပါတယ်။

Featured Photo: Medium