ရီယို ဖာဒီနန်က မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ်ဟန် အမူအရာက ပြဿနာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးအနေနဲ့ နည်းပြ ရန်းနစ်ခ်လက်အောက်မှာ အခွင့်အရေး ရသင့်သလောက် မရနေဘူးလို့ ခံစားနေမှာကို ကြောက်ရွံ့နေတာ ဖြစ်ပါတယ်။

Rashford

Photo:Getty

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့ညမှာ ဝုဗ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ရန်းနစ်ခ်အတွက် ယာယီနည်းပြဘဝ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြရဲ့ ပထမဆုံးတာဝန်ယူကိုင်တွယ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ တိုးတက်မှု လက္ခဏာတွေ မြင်တွေ့ခဲ့ရပြီးနောက် ယူနိုက်တက်ဟာ နောဝစ်ချ်စီးတီးနဲ့ နယူးကာဆယ်လ်တို့နဲ့ပွဲစဉ်မှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က မျှော်လင့်ချက်အချို့ကို ပေးစွမ်းနိုင်ခဲ့ပေမယ့်လည်း ဝုဗ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း အလားတူ ပြဿနာမျိုး ပြန်လည် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပွဲစဉ်တစ်လျှောက်လုံး ဘယ်လို တွန်းတွန်းတိုက်တိုက် ကစားနိုင်မှုမျိုးမှ မပြုလုပ်နိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်ကလည်း အသင်းအတွက် အကျိုးသက်ရောက်မှု တစ်ခုမှ ပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Rio Ferdinand

Photo: BT Sport

ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း ဖာဒီနန်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ အကျိုးသက်ရောက်မှုမရှိခြင်းကြောင့် အံ့အားသင့်ခဲ့ရပြီး အင်္ဂလန်တိုက်စစ်မှူးဟာ စိတ်ပျက်နေတဲ့လက္ခဏာပြသနေတဲ့ တစ်ဦးတည်းသောကစားသမားမဟုတ်ဘူးလို့ ပြောကြားခဲ့သလို ၎င်းရဲ့ တုံ့ပြန်မှုတွေက ကွင်းထဲမှာ မမြင်ချင်တဲ့အရာတွေဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကိုယ်ဟန် အမူအရာက ပြဿနာပါ။ မားကပ်စ် ရက်ရှ်ဖို့ဒ်က အရန်ခုံကနေ ဝင်ကစားခဲ့ပြီး ခင်ဗျား သူ့ဆီကနေ တောက်ပတဲ့ခြေစွမ်းနဲ့ တစ်ခုခု ပေးနိုင်မယ်လို့ မျှော်မှန်းထားမှာပါ။ ပြီးတော့ တစ်ခါတလေ သူ့ဆီကနေ ဘောလုံး ဆုံးရှုံးတာနဲ့ ဘောလုံးဆုံးရှုံးလိုက်ရတဲ့အခါ တုံ့ပြန်မှုကတော့ ခင်ဗျား တစ်ခါတရံ မမြင်ချင်တဲ့အရာပါ”

Marcus Rashford

Photo: Pinterest

“မကစားရလို့ မပျော်မရွှင်ဖြစ်နေတာမျိုးက သူနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား အဲဒါကို တစ်ကဏ္ဍအနေနဲ့ ထားထားရမှာပါ။ ခင်ဗျား ပွဲထွက်လူစာရင်းထဲမှာ မပါဝင်တဲ့အခါမှာ လူစားဝင်လာပြီး နည်းပြကို ခင်ဗျားအကြောင်း သိအောင် အမောက်ထောင်ပြဖို့ ကြိုးစားရမှာပါ။ သူက သူနဲ့ထိုက်တန်တဲ့ အခွင့်အရေးမရနေဘူးလို့ ခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် မသိပါဘူး”

“ကစားသမားတစ်ဦးတည်းကို တည်ပြီး ပြောဖို့ခက်ပါတယ်။ ခင်ဗျား အဲဒီလို မပြောနိုင်ပါဘူး။ ထိပ်ဆုံးက ခရစ္စတီယာနို ရော်နယ်လ်ဒိုကနေ ကစားသမားတွေအားလုံးအထိ တာဝန်ယူမှု ရှိရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Daily Mail