တကျော့ပြန် ခေါင်းထောင်လာနေတဲ့ ကိုဗစ်ကပ်ဘေးအတွင်းမှာ သီချင်းခွေသစ်တွေလည်း အထွက်နည်းနည်းကြဲလာသလိုပါပဲ။ ဒါပေမယ့်လည်း Music မရွေးနားထောင်တတ်သူတွေအဖို့တော့ K-Pop ကနေ ပေါ့ပ် ၊ ဟစ်ဟော့ ၊ ကန်ထရီး ၊ ရော့ခ် စသည်ဖြင့် နားဆင်စရာသစ်တွေက မပြတ်ထွက်နေဆဲလို့ ဆိုနိုင်ပါတယ်။ ဒီနှစ်ရဲ့ ပထမဆုံးလ ဖြစ်တဲ့ ဇန်နဝါရီမှာကို အခွေသစ်တွေ အများကြီး ထွက်လာဖို့ ရှိပါတယ်။
ဇန်နဝါရီ လလယ်နဲ့ လကုန်ပိုင်းအတွင်း သီချင်းအယ်လ်ဘမ်သစ် ၂၀ ကျော် ထွက်လာဖို့ ရှိပါတယ်။ ဒီအယ်လ်ဘမ်တွေထဲမှာ အခုပြောမယ့် အယ်လ်ဘမ်တွေလည်း ပါဝင်နေပါတယ်။
(၁) ‘Healer’ , Casting Crowns
ဂရမ်မီဆုရအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Casting Crowns က ၂၀၂၂ ဇန်နဝါရီ ၁၄ ရက်နေ့မှာ Healer ဆိုတဲ့ အယ်လ်ဘမ်သစ်တစ်ချပ် ဖြန့်ချိတော့မှာပါ။ Healer ဆိုတာ မြန်မာလို တည့်ပြန်ရရင် ကုစားပေးသူလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ဒီအယ်လ်ဘမ်ဟာ အရောင်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးကို ကုစားမှု လုပ်ပေးဖို့ ရည်ရွယ်ထားတာပါ။ သီချင်းသစ်တွေလည်း ပါသလို သီချင်းဟောင်းတွေလည်း ပါဝင်မှာပါ။ “ကန္တာရလမ်း “၊ “ကြက်ခြေခတ်တစ်ခုရဲ့ စွမ်းအား” ၊ “ကောင်းကင်ဘုံမှ အမာရွတ်များ” ၊ “လွယ်လွယ်လေးပါ” ၊ “ရူးသွပ်ကြသူများ” ၊ “ကုစားသူ” ၊ “ဒုတိယမြောက် ရွေးချယ်ချက်” စတဲ့ သီချင်း ၇ ပုဒ် ပါဝင်ပါတယ်။
(၂) ‘Dominion’ , Skillet
Skillet မက်တဲလ်တီးဝီုင်းအဖွဲ့ရဲ့ ခွေသစ် Dominion လည်း ဒီလ ၁၄ ရက်နေ့ပဲ ထွက်မယ်လို့ ကြေညာထားပါတယ်။ ပင်တိုင်အဆိုတော် ဂျွန်ကူးပါးရဲ့ အပြင်းစား ပေါက်ကွဲမှုတွေကို ဒီအခွေမှာ ကြားရမှာပါ။ ကူးပါးက တချို့သီချင်းစာသားထဲမှာ နိုင်ငံရေးနောက်ခံ Themes လေးတွေ ထည့်မွှေထားတယ်လို့ ပြောပါတယ်။ “ခံနိုင်ရည်က ငါ့ကို သန်မာစေတယ်” လို့ ‘မုန်တိုင်းထဲမှာ ရပ်နေခြင်း’ဆိုတဲ့ သီချင်းမှာ ကူးပါးက ထည့်ဆိုခဲ့ပါတယ်။ သီချင်း ၁၂ ပုဒ်ပါဝင်ပြီး အရင်က Skillet ရဲ့ နာမည်ကျော် Monster ၊ Hero ၊ The Resistance ၊ Awake and Alive နဲ့ Whispers In The Dark သီချင်းတွေ အကြိုက်တွေ့သူတွေအတွက် Domnion ကို နားထောင်ကြည့်ဖို့ ပြောချင်ပါတယ်။
(၃) ‘Brightside’ , The Lumineers
၂၀၂၂ မှာတောင် ကိုဗစ်က ဆွေမျိုးသစ်တွေ သယ်လာတာကြီးက စိတ်ဓါတ်ကျစရာကြီးပါ။ ဒီအချိန်မှာ The Lumineers အဖွဲ့ကနေ အကောင်းမြင်တဲ့ဘက်ကနေ စိတ်အားဖြည့်ပေးမယ့် Brightside ခွေ ထုတ်လိုက်တာကိုတော့ ကြိုဆိုရမယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Brightside က The Lumineers အဖွဲ့ရဲ့ စတုတ္ထမြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ အမေရိကန်အင်ဒီး Folk Band အဖွဲ့ရဲ့ Brightside ခွေမှာ Birthday ၊ Where We are ၊ Rollercoaster ၊ Never Really Mine ၊ Big Ghot စတဲ့ သီချင်း ၉ ပုဒ် ပါဝင်မှာ ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထွက်လာမှာပါ။
(၄) ‘Things Are Great’ , Band Of Horses
Band Of Horses အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ Why Are You Ok ခွေ ထွက်ပြီးကတည်းက နောက်တစ်ခွေ ထွက်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာတော့ ၂၀၂၂ မှာ Things Are Great ဆိုပြီး အယ်လ်ဘမ်သစ်တစ်ချပ် ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထွက်လာဖို့ ရှိပြီး လောလောဆယ် သူတို့ခွေထဲမှာ ပါတဲ့ Crutch ဆိုတဲ့ သီချင်းသစ်ကို တင်ထားပါတယ်။ Things Are Great ခွေမှာ သီချင်း ၁၀ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။
(၅) ‘Anaïs Mitchell’, Anaïs Mitchell
အမေရိကန်အဆိုတော် အန်းနစ် မစ်ချဲရဲ့ ခုနှစ်ခွေမြောက် အယ်လ်ဘမ်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထွက်ဖို့ ရှိပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မစ်ချဲလ်ရဲ့ ပထမဆုံး ဆိုလို အယ်လ်ဘမ်သစ်ဖြ်စမယ့် Anais Mitchell ခွေမှာ The Words ၊ Watershed ၊ Bright Star ၊ Brooklyn Bridge ၊ Revenant ၊ Real World နဲ့ Little Big Girl ဆိုပြီး သီချင်း ၁၀ ပုဒ် ပါရှိမှာပါ။
Featured Photo: lifestyleasia