မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘရန့်တ်ဖို့ဒ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေပွဲစဉ်အတွင်း ဒုတိယပိုင်း ၇၁ မိနစ်မှာ နည်းပြ ရန်းနစ်ခ်ရဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာကြောင့် မပျော်မရွှင်ဖြစ်ခဲ့ပြီး အရန်ခုံတန်းကနေ ကလေးတစ်ယောက်လို ဂျီကျနေခဲ့ပါတယ်။

Photo: Guardian
မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရန်းနစ်ခ်ဟာ အက်စတန် ဗီလာအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်တုန်းကလို ဦးဆောင်ဂိုးတွေ ရထားပြီးမှ ဂိုးတွေ ပြန်ပေးရမှာစိုးတာကြောင့် ခံစစ် ၅ ဦး ကစားကွက်ကို ပြောင်းလဲဖို့ တိုက်စစ်မှူးတွေထဲက တစ်ဦးကို မဖြစ်မနေ လူစားလဲလှယ်ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုအတွက်တော့ ကံမကောင်းစွာနဲ့ပဲ ဟာရီ မက်ဂွိုင်းယားနဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ကွင်းအတွင်းကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ရော်နယ်လ်ဒိုက အရန်ခုံတန်းကို မသွားခင် နည်းပြ ရန်းနစ်ခ်ကို ဘာကြောင့် ၎င်းကိုမှ လူစားလဲခဲ့ရတာလဲလို့ စောဒကတက်ခဲ့ပြီး အရန်ခုံတန်းပေါ်က ခုံမှာ မထိုင်ဘဲ နည်းပြနဲ့ အနီးဆုံးနေရာမှာ ဆက်ထိုင်နေရင်း ကလေးတစ်ယောက်လို ဂျီကျနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ နည်းပြ ရန်းနစ်ခ်ဟာ မပျော်မရွှင်ဖြစ်နေတဲ့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို အခြေအနေအားလုံး ရှင်းပြဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ရော်နယ်လ်ဒိုနားနားကပ်ပြီး စကားအချို့ကို ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Photo: Twitter
ပွဲအပြီးမှာ ရန်းနစ်ခ်က “ဒါက သာမန်ပဲ။ တိုက်စစ်မှူးတစ်ယောက်က ဂိုးသွင်းချင်မှာပါ။ ဒါပေမယ့် သူက ဒဏ်ရာနည်းနည်း ရထားရာကနေ ပြန်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့မှာ နောက်ထပ် ပွဲတွေ လာဖို့ ရှိနေသေးတယ်ဆိုတာကို သတိရဖို့ အရေးကြီးပါတယ်။ ဗီလာပါ့ခ်မှာ ဖြစ်ပျက်ခဲ့တာတွေအပြီးမှာ ကျွန်တော်တို့ ဦးဆောင်ထားနိုင်မှုကို ကာကွယ်ခဲ့ရမှာဖြစ်ပြီး နောက်တန်း ၅ ဦးပုံစံကို ပြောင်းဖို့ အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့ ပေးဂိုးမရှိအောင် မထိန်းသိမ်းနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် အဲဒီပွဲတုန်းကလို ဘာမှမဖြစ်ပျက်အောင် လုပ်ဖို့ အရေးကြီးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရန်းနစ်ခ်က ဆက်လက်ပြီး ရော်နယ်လ်ဒိုမေးခဲ့တဲ့ ဘာကြောင့်လူစားလဲလှယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး “သူက ကျွန်တော့်ကို ဘာကြောင့် သူ့ကိုမှ လူစားလဲလှယ်ခဲ့တာလဲလို့ မေးခဲ့ပါတယ်။ ကျွန်တော်က အသင်းအတွက် ဆုံးဖြတ်ချက် ချမှဖြစ်မှာမို့လို့ပါလို့ ပြောခဲ့ပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ သူ နည်းပြဖြစ်လာကောင်း ဖြစ်လာတဲ့အချိန်ကျရင် ကျွန်တော့်ကို နားလည်ပါလိမ့်မယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Photo: The Sun
ရန်းနစ်ခ်ဟာ လူစားလဲလှယ်ခံခဲ့ရလို့ မပျော်မရွှင်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုကို ပွဲအပြီး ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်ရိုက် သတင်းစကားပေးပို့ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်အနေနဲ့ နည်းပြတစ်ယောက်ဖြစ်လာတဲ့နေ့ကျရင် ၎င်းကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
“နားထောင် ခရစ္စတီယာနို။ မင်းက အသက် ၃၆ နှစ်မှာ အရမ်းကောင်းတဲ့ ပုံစံမှာရှိနေတယ်။ ဒါပေမယ့် မင်း နည်းပြဖြစ်တဲ့အခါကျရင် နည်းပြတစ်ယောက်ရဲ့ အမြင်ကနေ မင်း မြင်လိမ့်မယ်။ ငါ့အလုပ်က အသင်းရဲ့ အကောင်းဆုံးအကျိုးစီးပွားအတွက် ဆုံးဖြတ်ချက် ချဖို့ဖြစ်ပြီး သူလည်း အဲဒီအတိုင်းပဲ မြင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Sportbible
