၂၀၂၂ ခုနှစ်ဟာ The Weeknd အတွက် အောင်မြင်မှုတွေနဲ့ စတင် ကြုံကြိုက်ခဲ့တဲ့နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ မကြာသေးခင်ကပဲ နိုင်ငံတကာမှာ သူ့ရဲ့အခွေသစ် Dawn FM အယ်လ်ဘမ် ပေါက် ခဲ့သလို Spotify ပလက်ဖောင်းမှာလည်း နှစ်ပတ်အတွင်း နားဆင်သူအများဆုံး အဆိုတော်အဖြစ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့အထိ Spotify Daily Data ရဲ့ အချက်အလက်တွေအရ The Weeknd သီချင်းတွေကို ပလက်ဖောင်းပေါ်မှာ နားဆင်သူ ၇၀၅ သန်းအထိ ရှိတယ်လို့ သိရပါတယ်။
Photo: netherlandsnewslive
နှစ်ပတ်အတွင်း Spotify မှာ Streams လုပ်မှု အများဆုံးရထားတဲ့ အဆိုတော် ၁၀ ဦးစာရင်းမှာ The Weeknd က ထိပ်ဆုံးက ဖြစ်ပြီး သူ့နောက်မှာ Taylor Swift (၄၄၂ သန်း) ၊ San Benito (၄၃၃ သန်း) ၊ BTS (သန်း ၃၃၀) ၊ Drake (၃၁၃ သန်း) ၊ Ed Sheeran ( သန်း ၃၀၀) ၊ Justin Bieber (၂၈၄ သန်း) ၊ Juice Wrld (၂၇၆ သန်း) ၊ Doja Cat (၂၄၂ သန်း) နှင့် Lin Manuel (၂၃၈ သန်း) တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။
ဒီစာရင်းမှာ The Weeknd တစ်ယောက် ထိပ်ဆုံးက ရပ်တည်နေတဲ့ အဓိကအချက်ထဲမှာ မကြာသေးခင်က ထွက်ခဲ့တဲ့ Dawn FM အယ်လ်ဘမ်ရဲ့ အောင်မြင်မှုကြောင့်လို့ ဆိုရမှာပါ။ Billboard အချက်အလက်တွေအရ Dawn FM အယ်လ်ဘမ်သစ်ဟာ ကမ္ဘာတလွှား အောင်မြင်မှုရထားပြီး ယူကေ ၊ ဩစတြေးလျ ၊ အိုင်ယာလန် ၊ ဆွစ်ဇာလန် နဲ့ ကနေဒါနိုင်ငံတွေမှာလည်း အရောင်းရဆုံးအယ်လ်ဘမ်တစ်ချပ်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
Photo: The Star
Dawn FM ကြောင့် The Weeknd လည်း Billboard မှာလည်း တစ်ပတ်တည်းနဲ့ Global 200 Chart မှာ သီချင်း ၂၄ ပုဒ်နဲ့ စံချိန်သစ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဲမှာ Sacrifice ၊ Take My Breath ၊ Gasoline ၊ Out Of Time ၊ Is There Someone Else? ၊ How Do I Make You Love Me? ၊ Save Your Tears ၊ Less Than Zero စတဲ့ သီချင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
Global 200 ထဲမှာ တစ်ပတ်အတွင်း သီချင်းအပုဒ်ရေ အများဆုံးနဲ့ စံချိန်တင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ Taylor Swift (၃၁ ပုဒ်) ၊ Kanye West (၂၃ ပုဒ်) နဲ့ Drake (၂၂ ပုဒ်- စက်တင်ဘာ ၁၈ ၂၀၀၁ ခုနှစ်/၂၁ ပုဒ် စက်တင်ဘာ ၂၅ ၂၀၀၁ ခုနှစ်) တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Featured Photo: The Star