အားကစားလောကဆိုတာ အမြဲတမ်း စံချိန်တစ်ခုမဟုတ်တစ်ခု ချိုးဖောက်နေရတဲ့ လောကကြီးဆိုလည်း မမှားပါဘူး။ ဘောလုံးလောကမှာလည်း စံချိန်ချိုးတယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ တစ်နှစ်တစ်နှစ် စံချိန်သစ်တွေ တင်နေကျ အားကစားလောကအတွက် ဒီနှစ်ထဲမှာ ဘောလုံးလောကထဲက စံချိန်ဟောင်းတွေကို ချိုးဖျက်နိုင်ခဲ့တဲ့ မှတ်တမ်းတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) လိုင်ယွန်နယ်မက်ဆီ

Messi

Photo: vbet news

၂၀၂၁ ခုနှစ်မှာ မက်ဆီဟာ စံချိန်သစ်တွေ အများကြီး ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဘလွန်းဒီအော ၇ ဆုရှင်ဟာ ကလပ်အသင်းတစ်ခုတည်းမှာ ဂိုးအများဆုံး သွင်းထားတဲ့ ပီလီရဲ့ စံချိန်ကိုလည်း ကျော်တက်ခဲ့ပါတယ်။ ပီလီဟာ ဆန်းတို့စ်အသင်းနဲ့အတူ ဂိုးပေါင်း ၆၄၆ ဂိုး သွင်းယူခဲ့တဲ့စံချိန် တင်ထားတာပါ။ မက်ဆီဟာ PSG အသင်းကို ပြောင်းရွှေ့ခြင်း မပြုခင်က ဘာစီလိုနာအသင်းအတွက် ဂိုးပေါင်း ၆၇၂ ဂိုး သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

မက်ဆီရဲ့ နောက်ထပ် ထူးခြားတဲ့မှတ်တမ်းတစ်ခုကလည်း ပီလီရဲ့ စံချိန်နဲ့ ဆိုင်နေပါတယ်။ မက်ဆီဟာ လိဂ်တစ်ခုတည်းမှာ ဂိုးအများဆုံး သွင်းထားပြီး ပီလီရဲ့ ဘရာဇီးလိဂ် သွင်းဂိုး ၄၆၉ ဂိုးကို စပိန်လာလီဂါ ၄၇၄ ဂိုးနဲ့ ချိုးဖျက်ခဲ့ပါတယ်။ မက်ဆီဟာ ပီလီရဲ့ တောင်အမေရိကဘောလုံးသမားတစ်ယောက်အနေနဲ့ နိုင်ငံတကာ သွင်းဂိုး ဂိုးအများဆုံး သွင်းထားတဲ့ စံချိန်ကိုလည်း ကျော်တက်နိုင်ခဲ့ပါတယ်။ ပီလီဟာ နိုင်ငံတကာပွဲတွေမှာ ၇၇ ဂိုး သွင်းခဲ့ပြီး မက်ဆီကတော့ ဂိုးပေါင်း ၈၀ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

(၂) ဂျက်ခ် ဂရီယယ်လစ်ချ်

jack grealish

Photo: theathletic

မန်ချက်စတာစီးတီးအသင်းဟာ အက်စတွန်ဗီလာကွင်းလယ်ကစားသမား ဂျက်ခ် ဂရီယယ်လစ်ချ်ကို ပေါင် ၁၀၅.၇၅ သန်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ ဗြိတိန်ကစားသမားတစ်ယောက်အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးလည်း ဖြစ်ပါတယ်။ သူ့အရင် စံချန်တင် ပြောင်း‌ရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်ကစားသမားက ဂါရတ်ဘေးလ်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို ပေါင် ၉၀.၉၀ သန်း ပေးခဲ့တာပါ။

(၃) ခရစ္စတီယာနို ရော်နယ်ဒို

theathletic

Photo: placar

ဘရာဇီးဂန္ဓဝင်အကျော်အမော် ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ နောက်ထပ်ကစားသမားတစ်ဦးက ခရစ္စတီယာနို ရော်နယ်ဒိုဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပီလီရဲ့ တရားဝင်သွင်းဂိုးအရေအတွက် ၇၆၆ ဂိုး စံချိန်ကို ၂၀၂၁ မှာ ချိုးဖျက်ခဲ့ပါတယ်။ ပေါ်တူဂီကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဂိုးပေါင်း ၈၀၂ ဂိုးအထိ သွင်းခဲ့ပြီး ဘောလုံးသမားမှာ ဂိုးအများဆုံး သွင်းခဲ့တဲ့စံချိန် တင်ထားနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အီရန်ကစားသမား အလီ ဒေးရ်ရဲ့ နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုး စံချိန်ကို ၁၁၉ ဂိုးနဲ့ပါ ကျော်တက်ခဲ့ပါတယ်။

(၄) မိုဟာမက် ဆာလား

mohamed salah

Photo: independent

အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့ အာဖရိကကစားသမားတစ်ဦးအဖြစ် ဒီဒီရာ ဒရော့ဂ်ဘာရဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားဟောင်း ဒရော့ဘာဟာ ပရီးမီးယားလိဂ်မှာ ၁၀၄ ဂိုးအထိ သွင်းထားပြီး ဂိုးအများဆုံးသွင်းနိုင်တဲ့ အာဖရိကကစားသမားအဖြစ် စံချိန်တင်ထားတာပါ။ မိုဟာမက်ဆာလားက ၁၁၂ ဂိုးအထိ သွင်းထားပြီး စံချိန်ချိုးခဲ့ပါတယ်။

(၅) ရောဘတ် လီဝင်ဒေါ့စကီး

robert lewandowski

Photo: bavarian football works

၂၀၂၁ ရဲ့ အကောင်းဆုံးနဲ့ ပရိသတ်တွေအကြား အပြောအများဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်တဲ့ ပိုလန်လူမျိုး ဘိုင်ယန်ဘောလုံးအကျော်အမော် လီဝင်ဒေါ့စကီးဟာ ဂျာမန်ဂန္ဓဝင်ကစားသမား ဂါ့ဒ် မူလာရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ မူလာဟာ ဘွန်ဒက်စ်လီဂါမှာ ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုး ၄၀ သွင်းခဲ့ပြီး လီဝင်ဒေါ့စကီးက ၄၁ ဂိုးသွင်းပြီး ၄၉ နှစ်ကြာ ရပ်တည်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးလောကတစ်ခုလုံး ဂယက်ရိုက်စေခဲ့တဲ့ ကိစ္စက လီဝင်ဒေါ့စကီးတစ်ယောက် ဘလွန်းဒီအောနဲ့ လွဲသွားခြင်းပဲ ဖြစ်ပါတယ်။

Featured Photo: bavarian football works