ဖုန်းတစ်လုံးစ ဝယ်လာချိန် အသစ်စက်စက်ကိုင်ရတဲ့ Feeling က ဘာနဲ့မတူပါဘူး။ ဒီလိုပဲ လူတိုင်းကတော့ ကိုယ်အသစ်ဝယ်လာတဲ့ ဖုန်းတစ်လုံးကို နောက် သုံးလေးငါးနှစ်ကြာတဲ့အထိ အထိအခိုက်အပျက်အစီးမရှိ ဝယ်လာတုန်းကပုံစံအတိုင်း ကောင်းမွန်တဲ့အခြေအနေမှာ သုံးချင်ကြတာပါပဲ။ ဒါပေမယ့် တစ်ချို့သော သတိမမူမိတဲ့ နေ့စဉ်အလေ့အထလေးတွေကနေ ဖုန်းတွေရဲ့ သက်တမ်းကိုတိုအောင် လုပ်မိတာမျိုးတွေလည်းရှိပါတယ်။ အကယ်၍ သင်ဟာ ဖုန်းတစ်လုံးကို နှစ်တွေအကြာကြီး အကောင်းတိုင်းသုံးချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို သိထားဖို့လိုပါမယ်။
(၁) အားသွင်းပေါက်က ဖုန်နဲ့အညစ်ကြေးတွေကို သန့်ရှင်းရေးလုပ်ပါ
Photo : Brightside
ဖုန်းတစ်လုံးဟာ အသုံးပြုတာကြာလာတာနဲ့အမျှ အားသွင်းပေါက်လို charging port တွေမှာ ဖုန်နဲ့ အညစ်ကြေးနဲ့ ကပ်လာတက်ပါတယ်။ အားသွင်းပေါက်တွေမှာရှိတဲ့ အညစ်အကြေးတွေကို ပုံမှန်ဖယ်ရှားသန့်စင်ပေးဖို့ကလည်း အရေးကြီးပါတယ်။ အားသွင်းပေါက်တွေကို ဘယ်လို သန့်ရှင်းရေးလုပ်နိုင်မလဲဆိုရင် သွားကြားထိုးတံကိုအသုံးပြုပြီး ညင်သာစွာ ဖုန်နဲ့အညစ်အကြေးတွေကို သန့်စင်ပေးလို့ရပါတယ်။
(၂) ကား Dashboard ပေါ်ဖုန်းမတင်ပါနဲ့
Photo : Brightside
ကားမောင်တဲ့အခါ Dashboard ပေါ်ဖုန်းတွေအလွယ်တကူပဲ တင်ထားမိတက်ပါတယ်။ တကယ်တော့ ဒါဟာသိပ်ကို အန္တရာယ်များပါတယ်။ လမ်းအကွေ့လိုနေရာတွေ ၊ အရှိန်ပြင်းပြင်းနဲ့ ဘရိတ်အုပ်ချိန်တွေမှာ ဖုန်းဟာလွင့်စင်ထွက်သွားနိုင်ပြီး ဆိုးဆိုးရွားရွားထိခိုက်ပျက်စီး သွားနိုင်ပါတယ်။ နောက်ပြီး နေအရမ်းပူတဲ့အချိန်တွေမှာ ဖုန်းကို Dashboard ပေါ်တင်ထားမယ်ဆိုရင် အပူချိန်များ ဘက်ထရီဖောင်းလာတာ ၊ ဘက်ထရီပျက်စီးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
(၃) အာမခံပေးထားတဲ့ services စင်တာတွေမှာ ပုံမှန်စစ်ဆေးပါ
Photo : Brightside
ဖုန်းတစ်လုံးရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပုံမှန်စစ်ဆေးမှုတွေကိုလည်း လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ကိုယ့်ဖုန်းရဲ့ အတွင်းပိုင်း ဒါမဟုတ် ပြင်ပပျက်စီးမှုတွေကို အာမခံပေးထားတဲ့ services စင်တာတွေမှာ ပုံမှန်သွားရောက် စစ်ဆေးပါ။ ပြုပြင်စရာတွေရှိလာပါကလည်း အာမခံပေးထားတဲ့ services စင်တာတွေဖြစ်တဲ့အတွက် ကုန်ကျစရိတ်ပိုသက်သာပြီး ပိုစိတ်ချရပါတယ်။
(၄) Bluetooth ခလုတ်အပိတ်အဖွင့်ကို စစ်ဆေးပါ
Photo : Brightside
တစ်ခါတစ်လေမှာ မတော်တဆထိမိတာဖြစ်စေ ၊ အသုံးပြုပြီး ပိတ်ဖို့မေ့ထာဖြစ်စေ Bluetooth ကို On ရက်သားထားမိတက်ပါတယ်။ Bluetooth ကိုအသုံးမပြုပဲ ဒီတိုင်းဖွင့်ထားတာဟာ ဖုန်းလုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ Bluetooth ကနေတဆင့် သင့်ဖုန်းထဲက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူသွားနိုင်လို့ပါ။ ဒါကြောင့် Bluetooth အသုံးမပြုချိန်မှာ ခလုတ်ပိတ်ထားဖို့ အကြံပြုချင်ပါတယ်။
(၅) အားကုန်တဲ့ အထိမသုံးပါနဲ့
Photo : Brightside
ဖုန်းအားကို 0% ရောက်တဲ့အထိ အားအကုန်သုံးတဲ့ အလေ့အထမျိုးရှိတယ်ဆိုရင် ဒီနေ့ပဲ ရပ်တန့်လိုက်ပါ။ ဖုန်းအားကုန်တဲ့အထိ သုံးတာဟာ ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို တိုစေပြီး ဖုန်းဘက်ထရီကြာကြာမခံတော့တာမျိုးတွေ ဖြစ်တက်ပါတယ်။ အနည်းဆုံး ဖုန်းအား 20 % လောက်ရောက်ပြီဆိုတာနဲ့ အားပြန်သွင်းထားသင့်ပါတယ်။
Featured Photo : The Healthy