မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ခံစစ်ကစားသမားဟောင်း ရီယိုဖာဒီနန်ဟာ ဆီဗီလာကို အငှားနဲ့ပြောင်းရွေ့သွားတဲ့ အန်တိုနီ မာစီယဲလ်အပေါ် သူရဲ့အမြင်ကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
Photo : Manchester Evening News
ပြင်သစ်သားဟာ ယခုနှစ်ရာသီအကုန်အထိ လာလီဂါကလပ်အသင်းထံ ပြောင်းရွေ့ သွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့ညကပဲ ၎င်းရဲ့ အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး တရားဝင်အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။
ဆီဗီလာအသင်းဟာ မာစီယဲလ်ရဲ့ လုပ်ခလစာကို ပေးချေဖို့ သဘောတူထားပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ သဘောတူချက်တော့ မပါဝင်ပါဘူး။
ဖာဒီနန်ကတော့ ၎င်းရဲ့ podcast နောက်ဆုံးပိုင်းအစီစဉ်ကနေ အခုအပြောင်းအရွှေ့ဟာ ကစားသမား အတွက်ရော မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပါ သင့်လျော်တဲ့ သဘောတူညီချက်ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
” ဒါကို အန်တိုနီ မာစီယဲလ် လိုအပ်တယ်လို့ ကျွန်တော်ထင်တယ် ၊ သူပုံမှန် ကစားခွင့်ရဖို့ လိုအပ်တယ် ၊ ပြီးခဲ့တဲ့နှစ် ဒါမှမဟုတ် အဲ့ဒီထက်ကြာနိုင်တယ် သူပုံမှန် ကစားခွင့်မရခဲ့ဘူး ၊ ဒါကြောင့် သူဒီအပြောင်းအရွေ့ကို လိုအပ်တယ် ”
Photo : SPORTbible
” တခြား ဗန်ဒီဘိခ်လို ကစားသမားတွေလည်း တစ်နေရာရာကို သွားဖို့ရှိတယ် ၊ သူဘယ်သွားမလဲဆိုတာ ကျွန်တော်စိတ်ဝင်စားတယ် ၊ လင်ဂတ်လည်း အတူတူပဲ ၊ သူကတော့ နယူးကာဆယ်လို့ ကျွန်တော်ထင်တယ် ဒါပေမယ့် သူတို့အကုန်လုံးက အပြင်ထွက်ပြီး ဘောလုံးကစားချင်တဲ့ ကစားသမားတွေဖြစ်ပြီး မာစီယဲလ်က သူတို့ထဲက တစ်ယောက်ပါ” လို့ ယူနိုက်တက် ဂန္ထဝင်ဖာဒီနန်က ပြောကြားခဲ့ပါတယ်။
မာစီယဲလ်ဟာ ယူနိုက်တက်နဲ့ ပွဲဦးထွက်ပွဲစဉ်မှာကတည်းက လီဗာပူးလ်ဘက်ကို ဂိုးသွင်းခဲ့တာကြောင့် သူ့အပေါ်အတော်လေးမျှော်လင့်ချက် ကြီးကြီးမားမားရှိခဲ့ ကြတာပါ။ ဒါပေမယ့် သရဲနီတို့အတွက် ၂၆၉ ပွဲကစားပြီး သွင်းဂိုး ၇၉ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ မာစီယဲလ်ဟာ မကြာသေးခင်ကပဲ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
” ခင်ဗျားတို့သိတဲ့အတိုင်းပဲ မန်ယူအသင်းမှာ သူ့ရဲ့ကစားသမားဘဝ တစ်လျှောက်လုံး အတောက်ပဆုံး ပြသခဲ့တာပါ ၊ ဒီကောင်လေးက တကယ်ကို ထူးခြားနိုင်ပါတယ် ၊ ဒါပေမယ့် သူခြေစွမ်းတွေ မပြသနိုင်ခဲ့တဲ့ အချိန်တွေတော့ ရှိခဲ့တယ် ၊ အခုအငှားနဲ့ သွားရောက်ကစားချိန်မှာ တိုးတက်လာဖို့မျှော်လင့်တယ်” လို့ ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။
Photo : MARCA
ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က မာစီယဲလ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး လိုအပ်ချက်တွေကိုလည်း ဝေဖန်ထောက်ပြခဲ့သလို အနိုင်ရတဲ့အသင်းတွေမှာ အသင်းနဲ့လိုက်လျောညီထွေမဖြစ်တဲ့ ကစားသမားတွေ ရှိလို့မရဘူးလို့ ဆိုပါတယ်။
Featured Photo : Daily Mail