ခွေးလေးတွေဟာ လူတွေအတွက် အရင်းနှီးဆုံး အဖော်မွန်ကောင်းလေးတွေလို့ ပြောလို့ရပါတယ်။ ချစ်စရာကောင်းပြီး သခင်တွေအပေါ်မှာလည်း သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ တချို့ ခွေးချစ်သူတွေဆိုရင် ဘယ်လောက်ပဲ ဈေးကြီးပေးဝယ်ရပါစေ ၊ အသုံး စရိတ်တွေ ဘယ်လောက်ပဲ ကုန်ကျပါစေ တကယ်ကို နှလုံးသားကြီးကြီးနဲ့ကို မွေးမြူကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တိချစ်သူတို့အတွက် အံ့ဩစရာကောင်းလောက်အောင် ဈေးကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မျိုးကောင်းမျိုးသန့် ခွေးလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Samoyed

ကမ္ဘာပေါ်က ဈေးအကြီးဆုံးခွေးလေးကတော့ Samoyed လို့အမည်ရတဲ့ ဆိုက်ဘေးရီးယားမျိုးရင်းခွေးလေးပဲ ဖြစ်ပါတယ်။ Samoyed ခွေးလေးတွေဟာ ချစ်စရာကောင်းတဲ့ အပြုံးမျက်နှာပိုင်ရှင်လေးဖြစ်ပြီး ဉာဏ်ကောင်းတဲ့ ရှားပါးမျိုးစိတ် ခွေးလေးတွေပဲ ဖြစ်ပါတယ်။ ဒီခွေးလေးရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၀၀၀ ဝန်းကျင်ရှိတာမို့ တကယ့်ကို ဈေးကြီးတဲ့ ခွေးလေးပဲ ဖြစ်ပါတယ်။
(၂) Löwchen

ဒီခွေးလေးကတော့ little lion dog လို့လည်း လူသိများတဲ့ ခြင်္သေ့ပေါက်လေးတွေနဲ့တူတဲ့ ခွေးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ Löwchen ရဲ့ မူရင်းဇာတိက ပြင်သစ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်ကတည်းက ဥရောပတိုက်တခွင်မှာ ရေပန်းစားခဲ့တဲ့ ခွေးလေးတွေပဲ ဖြစ်ပါတယ်။ ဒီခွေးလေးတွေဟာလည်း တကယ့်ကိုရှားပါးမျိုးစိတ်ခွေးလေးတွေဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀၀ ဝန်းကျင်ရှိပါတယ်။
(၃) Chow Chow

Chow Chow လို့အမည်ရတဲ့ ခွေးလေးတွေကတော့ တရုတ်ပြည်မြောက်ပိုင်းဖွား ခွေးမျိုးစိတ်လေးတွေဖြစ်ပြီး ကမ္ဘာပေါ်က ရှေးအကျဆုံးနဲ့ အရှားပါးဆုံး မျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒီခွေးလေးတွေဟာ ဒေါ်လာ ၁၁၀၀၀ ဝန်းကျင်ရှိပြီး သူတို့ရဲ့ အစားအသောက် ၊ သန့်ရှင်ရေး ၊ ကျန်းမာရေးနဲ့ အထွေထွေ ကုန်ကျစရိတ်တွေအားလုံးပေါင်းရင် ဒေါ်လာသောင်းနဲ့ချီကုန်ကျနိုင်တဲ့ ခွေးဘောစိလေးတွေပဲ ဖြစ်ပါတယ်။
(၄) Tibetan Mastiff

အမွှေးပွပွနဲ့ အရုပ်ကြီးတစ်ရုပ်လို ချစ်ဖို့ကောင်းတဲ့ Tibetan Mastiff ခွေးလေးတွေကတော့ ရှေးခေတ်တွေတုန်းက တိဗက်နိုင်ငံဘက်မှာ သိုးတွေကို ဝံပုလွေ ၊ ကျားသစ်နဲ့ ဝက်တံတွေရန်ကနေ ကာကွယ်ဖို့ မွေးခဲ့ကြတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး အထီးလေးတွေဆိုရင် ပေါင်ချိန် ၁၅၀ လောက်အထိရှိပြီး ကျန်းမာကြံ့ခိုင်တဲ့ ခွေးကြီးမျိုးလေးတွေပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်ရှိပါတယ်။
(၅) Azawakh

Azawakh ခွေးလေးတွေကတော့ ၂၀၁၉ လောက်ကမှ လူသိများလာတဲ့ ခွေးမျိုးစိတ်အသစ် ဖြစ်ပါတယ်။ ဒီခွေးလေးတွေကို အာဖရိကဘက်မှာတော့ အမဲလိုက်ခွေးလေးတွေအနေနဲ့ သုံးကြပြီး အရှေ့အလယ်ပိုင်းနဲ့ တောင်အိန္ဒိယဘက်က ခွေးလေးတွေနဲ့တော့ အနည်းငယ်မတူကွဲပြားမှုလေးတွေရှိပါတယ်။ အမဲလိုက်ခွေးဖြစ်တာနဲ့အညီ လျင်မြန်ဖျက်လတ်ပြီး အနည်းဆုံး ၁၂ နှစ်ကနေ ၁၅ နှစ်အထိ သက်တမ်းရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၅၀၀ ဝန်းကျင်ရှိပါတယ်။
Featured Photo : Flipboard
