ရေမွှေးတွေဟာ ရနံ့ကောင်းတွေရှိရုံသာမက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ပေးနိုင်တယ်ပြောရင် မမှားပါဘူး။ အနံ့ခံ အာရုံဆိုတာ အာရုံ ၅ ပါးထဲက အားအကောင်းဆုံး အာရုံတစ်ခုဖြစ်တဲ့အတွက် သင်နဲ့လိုက်ဖက်တဲ့ ရေမွှေးရနံ့ကိုသာ ရွေးချယ်တတ်မယ်ဆိုရင် ကိုယ်ပိုင်အမှတ်အသားတစ်ခုအနေနဲ့ လူတွေသင့်ကို မှတ်မိနေမှာ ဖြစ်ပါတယ်။ အခုပြောပြပေးမှာက ၂၀၂၂ ခုနှစ်ရဲ့ ဈေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ ရေမွှေး ၄မျိုး အကြောင်းဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ရေမွှေးတွေကို ရေမွှေးချစ်သူကွီးတို့ လေ့လာကြည့်လိုက်ပါဦး။
(၄) JAR Bolt of Lightning

JAR ဟာ ပါရီအခြေစိုက် အမေရိကန်ကျောက်မျက်ရတနာသမား Joseph Arthur Rosenthal ရဲ့ တီထွင်မှုတစ်ခုဖြစ်ပြီးတော့ ဒီအမှတ်တံဆိပ်ထဲက ထူးထူးခြားခြား အမွှေးနံ့သာအဖြစ် သတ်မှတ်ထားတာကတော့ Bolt of Lightning ရေမွှေး ဖြစ်ပါတယ်။ ဒီရေမွှေးထဲမှာ အရှေ့တိုင်း ပန်းရနံ့တွေနဲ့ Tuberose လို့ခေါ်တဲ့ ပန်းရနံ့တစ်မျိုးပါဝင်တာကြောင့် ကွဲပြားခြားနားတဲ့ ဆွဲမက်ဖွယ်ရနံ့ကို ပေးစွမ်းနိုင်တဲ့အပြင် လက်မှုအနုပညာနဲ့ ပုံဖော်ထားတဲ့ ထူးခြားတဲ့ပုလင်းပုံစံကြောင့်လည်း နာမည်ကြီးတာ ဖြစ်ပါတယ်။ Bolt of Lightning ရေမွှေးရဲ့ ဈေးနှုန်းကတော့ တစ်အောင်စကို ၇၆၅ ဒေါ်လာ ကျသင့်မှာပါ။
(၃) Joy by Jean Patou

နာမည်ကျော် ပြင်သစ်ဖက်ရှင်ဒီဇိုင်နာနဲ့ ရေမွှေးဖန်တီးသူ Jean Patou မှ ဖန်တီးထားတဲ့ Patou ရေမွှေးဟာ လက်ရှိမှာ Procter နဲ့ Gamble ရဲ့လက်အောက်မှာ ရှိနေပေမယ့် ထူးထူးခြားခြား အရည်အသွေးရှိတဲ့ ရနံ့တွေကို ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ နာမည်ကြီး နေဆဲဖြစ်ပါတယ်။ နှင်းဆီ မျိုးကွဲတွေနဲ့ စံပယ်ပန်း ၁၀,၀၀၀ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့အတူ Joy ဟာ Patou ရဲ့ အစောပိုင်းလက်ရာတွေထဲက တစ်ခုဖြစ်ပြီး 1929 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့ပြင် ဆယ်စုနှစ်များစွာကြာပြီးတဲ့နောက်မှာလည်း ကမ္ဘာ့အကောင်းဆုံးရေမွှေးများထဲမှ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ Jean Patou ရေမွှေးရဲ့ ဈေးနှုန်းကတော့ တစ်အောင်စကို ဒေါ်လာ ၈၅၀ ကျသင့်မှာပါ။
(၂) Caron Poivre

Parfums Caron တံဆိပ်က ရှေးအကျဆုံး ပြင်သစ်ရေမွှေးထုတ်လုပ်တဲ့ perfume house တွေထဲက တစ်ခုဖြစ်ပါတယ်။ 1904 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်းငါးဆယ်အကြာမှာ အမှတ်အသားရနံ့ဖြစ်တဲ့ Caron Poivre ကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Caron ရေမွှေးပုလင်းကို တည်ထောင်သူ Ernest Daltroff ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်က ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပေမယ့် Poivre ဟာ Baccarat မှ ဖန်တီးထားသော ရင်သပ်ရှုမောဖွယ်ပုလင်းပုံစံနဲ့ ပေါင်းစပ်ထားပါတယ်။ သူ့ရဲ့ ရနံ့က ထင်ရှားပြီးကွဲပြားတဲ့ ရနံ့ပုံစံရှိပြီး ကမ္ဘာတစ်ဝှမ်းကရွေးချယ်သတ်မှတ်ထားတဲ့ စတိုးဆိုင်တွေမှာသာ ဝယ်လိုရနိုင်မှာ ဖြစ်ပါတယ်။ Caron Poivre ရေမွှေးရဲ့ ဈေးနှုန်းကတော့ တစ်အောင်စကို ဒေါ်လာ ၁၀၀၀ ကျသင့်မှာပါ။
(၁) Hermes 24 Faubourg

Hermes အမှတ်တံဆိပ်က စတိုင်ကျတဲ့ သားရေအိတ်တွေ၊ တန်ဖိုးကြီးနာရီတွေနဲ့ လက်ဝတ်ရတနာတွေကို ထုတ်လုပ်ထားတဲ့အပြင် နာမည် ကြီးအမွှေးနံ့သာတွေလည်း ရှိပါတယ်။ အမှတ်တံဆိပ်ရဲ့ အထင်ကရဖြစ်တဲ့ ပါရီစတိုးဆိုင်ရဲ့ လိပ်စာကို အစွဲပြုပြီး နာမည်ပေးထားတဲ့ Hermes 24 Faubourg လို ရေမွှေးတံဆိပ်က အလွန်ရှားပါးပြီးတော့ ရေမွှေးပုလင်းရေ 1,000 သာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို လှပတဲ့ စိန့်လူးဝစ်ပုံဆောင်ခဲနဲ့ ပြုလုပ်ထားပြီး လိမ္မော်ပွင့်နှင့် ဗနီလာကဲ့သို မွှေးပျံ့တဲ့အနံ့တွေကြောင့် အလွန်လူသိများပါတယ်။ Hermes 24 Faubourg ရေမွှေးရဲ့ ဈေးနှုန်းကတော့ တစ်အောင်စကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာပါ။
Featured Photo : Unsplash
