စစ်ပွဲတွေဆိုတာ လူ့လောကရဲ့ ငရဲခန်းတွေပါပဲ။ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ သွေးမြေကျမှုတွေနဲ့အတူ လူတွေရဲ့ဘဝတွေ ၊ နိုင်ငံတွေ ၊ ယဉ်ကျေးမှုတွေ အများကြီးကို ဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဟာ နက်ရှိုင်းပြီး လူသားတွေရဲ့ အမှောင်ဘက်ခြမ်းက အမှန်တရားတွေကို ဖော်ပြနေတာပါ။
ဒါကြောင့်လည်း war movies တွေဟာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ထာဝရဆွဲဆောင်မှုအရှိဆုံး ဇာတ်ကားကောင်းတွေ ဖြစ်နေတာဖြစ်ပါတယ်။ အခုပြောပြမယ့် ဇာတ်ကားတွေကတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ အကောင်းဆုံး စစ်ကား ၄ ကားအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Beasts of No Nation
စစ်ကား ကောင်းကောင်းကြိုက်တဲ့သူတွေအတွက် Beasts of No Nation က လက်မလွှတ်တမ်း ကြည့်ရှု့သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အာဖရိကရဲ့ ပြည်တွင်းစစ်ပွဲအကြောင်း ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ပြည်တွင်းစစ်ရဲ့ ဆိုးမွေတွေ ၊ ပြည်တွင်းစစ်ပွဲတွေကြားက ဒုက္ခသည်တွေ ၊ ကလေးငယ်တွေရဲ့ ဘဝတွေကို ကြည့်ရှု့ ခံစားရမယ့် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၂) Hacksaw Ridge
Hacksaw Ridge ဇာတ်ကားဟာ မေးခွန်းပေါင်းများစွာနဲ့ ယုတ္တိသိပ်မရှိတဲ့ ဇာတ်ကားတစ်ကားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုပါ။ သေနတ်မကိုင်ချင်လို့ ယောကျာ်းမဆန်တဲ့သူလို့ ဝိုင်း ဝန်းလှောင်ပြောင်ဖိနှိပ်ခဲ့ကြတဲ့ စစ်သားလေးဟာ ရှေ့တန်း ရန်သူနယ်မြေထဲအထိဝင်ပြီး ကျည်ဆန်မိုးတွေကြား ပြေးလွှားရင်း ရဲဘော်ရဲဘက်တွေကို ကယ်ထုတ်ခဲ့တဲ့ အရဲရင့်ဆုံး စစ်သည်လေးတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၃) American Sniper
American Sniper ဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စစ်ကားတွေထဲက အကောင်းဆုံး ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အမေရိကန် – အီရတ်စစ်ပွဲအတွင်း အမေရိကန်သမိုင်းမှာ အသေအပျောက်အများဆုံးဖြစ်စေခဲ့တဲ့ U.S. Navy SEAL စနိုက်ပါသမား Chris Kyle ရဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စစ်ပွဲအတွင်းမြေပြင်မှာ စစ်သည်တွေကြုံတွေ့ရတဲ့ အခြေအနေတွေ ၊ စစ်ပွဲတွေရဲ့ ကြမ်းတမ်းရက်စက်မှုတွေအကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ရှု့ရမှာ ဖြစ်ပါတယ်။
(၄) Unbroken
ဒီဇာတ်ကားကတော့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ စစ်ပွဲအတွင်းက ဂျပန်တွေ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမေရိကန်စစ်သုံ့ပန်း အပြေးချန်ပီယံ Louis Zamperini အကြောင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ စစ်ကားကြိုက်သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Photo : WallpaperAccess