မန်ချက်စတာ ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဟာ ဂျက်ဆီ လင်ဂတ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာခွင့် ပိတ်ပင်ခဲ့တာဟာ ကွင်းလယ်ကစားသမားကို စံပြအနေနဲ့ နမူနာပေးပြီး ကျန်တဲ့အသင်းသားတွေအားလုံးကို သတိပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Jesse Lingard

Photo: Daily Mail

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးရခြင်း မရှိသေးသူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲ ရောက်ရှိနေပြီ ဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘူးလို့ အသင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလဟာ မန်ချက်စတာယူနိုက်တက်အနေနဲ့ လင်ဂတ်ကို ရောင်းထုတ်ပြီး ငွေရှာဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်ပေမယ့် နယူးကာဆယ်လ်၊ ဝက်စ်ဟမ်းတို့ ၂ သင်းစလုံးဆီက ချဉ်းကပ်မှုတွေကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ယာယီနည်းပြ ရန်းနစ်ခ်ဟာ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ လင်ဂတ်ကို စကားတောင် ပြောဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ မီးစိမ်းပြခဲ့ပေမယ့် အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက အပြောင်းအရွှေ့ကို တချက်လွှတ်အမိန့်နဲ့ ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ခဲ့တာက အသင်းနဲ့ စာချုပ်မချုပ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ နေချင်တဲ့ တခြားကစားသမားတွေကို ဟန့်တားဖို့အတွက် လင်ဂတ်ရဲ့ လုပ်ရပ်အပေါ် ခိုင်မာတဲ့ရပ်တည်ချက်နဲ့အတူ အခြားကစားသမားတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

Manchester United players celebrated

Photo: The New York Times

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၄ ခုနှစ် နွေရာသီမှာ ကစားသမား ၁၂ ဦးအထိ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ အစုလိုက် အပြုံလိုက် ထွက်ခွာမယ့်အရေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီထဲမှာ ပေါ့ဂ်ဘာနဲ့ ကာဗာနီတို့လိုမျိုး စာချုပ်သက်တမ်း နောက်ဆုံး ၅ လထဲရောက်နေပြီး အလွတ်နဲ့ ထွက်ခွာချင်နေတဲ့ ကစားသမားတွေ မပါဝင်တာ ဖြစ်ပါတယ်။

လူစာရင်းထဲက အများစုဟာ ၁ နှစ်သက်တမ်းတိုးခွင့် စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတယ်ဆိုပေမယ့်လည်း ရက်ရှ်ဖို့ဒ်၊ လုခ် ရှော၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဖရက်ဒ်၊ ဒေးဗစ် ဒဟေးယားတို့ဟာ ယူနိုက်တက်က စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စနဲ့ပတ်သက်ပြီး စတင်စဉ်းစားဖို့ လိုအပ်နေပြီဖြစ်တဲ့ ပထမအသင်းပုံမှန် ပွဲထွက်ခွင့်ရကစားသမားတွေ ဖြစ်ပါတယ်။

Featured Photo: Eurosport