မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် တစ်လ ပေါင် ၁၄၀၀၀ ပေးရတဲ့ ချက်ရှိုင်းယားက သူ့ရဲ့နေအိမ်ကြီးမှာ လုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

အင်္ဂလန်လူငယ်ကြယ်ပွင့်ဟာ မုဒိမ်းမှု ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချုပ်ထဲမှာ ၃ ညတာ စစ်ဆေးမေးမြန်းခံခဲ့ရပြီးနောက် ယမန့်နေ့က အာမခံနဲ့ ပြန်လည်လွတ်မြောက် လာခဲ့တာဖြစ်ပါတယ်။
Mason Greenwood tightens security at £14,000-a-month mansion after Manchester United player bailed
Photo : WhatsNew2Day

အသက် ၂၀ အရွယ် ယူနိုက်တက်တိုက်စစ်မှူးဟာ သူငှားရမ်းထားတဲ့ နေအိမ်အတွက် လုံခြုံရေးတာဝန်ယူဖို့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းနှစ်ဦးကို ငှားရမ်းခဲ့သလို နေအိမ်အတွင်း ကင်မရာ ၈ လုံးအထိရိုက်ကူးနိုင်တဲ့ CCTV စနစ်ကိုလည်း မနေ့က နည်းပညာဆိုင်ရာကျွမ်းကျင်သူတစ်ယောက် လာရောက်တပ်ဆင်သွားတယ်လို့ သိရပါတယ်။

ဂရိတ်တာမန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ယူနိုက်တက်တိုက်စစ်မှူးကို အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှု ၊ အိမ်တွင်းအကြမ်းဖက်မှု သံသယတွေနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်အသင်းကတော့ ဆောင်းရာသီအားလပ်ရက်အပြီး ပထမဆုံးပွဲအဖြစ် သောကြာနေ့မှာ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး ဂရင်းဝုဒ် ဖမ်းဆီးခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ဒီကနေ့မှာ နည်းပြရန်းနစ်ခ်က မီဒီယာတွေနဲ့ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နည်းပြရန်းနစ်ခ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မနက်က အသင်းရဲ့လေ့ကျင့်ရေးစင်တာမှာ ဂရင်းဝုဒ်ရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတော့နဲ့ အပြင်းအထန် ဆွေးနွေးခဲ့ပြီး ဂရင်းဝုဒ်ရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဆဲကာလအတွင်း ကလပ်အသင်းနဲ့အတူ ပွဲကစားခွင့်၊ ထရိန်နင်ဆင်းခွင့်တွေ ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

Mason Greenwood tightens security at £14,000-a-month mansion after Manchester United player bailed
Photo : Eurosport

ဂရင်းဝုဒ် ဖမ်းဆီးစစ်ဆေးခြင်းမခံရမီ ပြီးခဲ့တဲ့သတင်းပတ်အတွင်းက ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့ခဲ့တဲ့ စိတ်ထိခိုက်စရာ ဓာတ်ပုံတွေ ၊ အသံဖိုင်တွေကြောင့် ၎င်းတိုက်စစ်မှူးကို ပရိသတ်တွေ ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကြသလို ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး အသင်းဖော်တွေနဲ့ ကလပ်အသင်းဝန်ထမ်းတွေလည်း ထိပ်လှုပ်တုန့်လှုပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Featured Photo : Daily Mail