ပီအက်စ်ဂျီအသင်း နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ကြံ့ခိုင်မှုရဖို့ ရုန်းကန်နေခဲ့ရပြီး ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝကနေ စောစီးစွာအနားယူရဖွယ်ရှိနေပါတယ်။
Photo : Jaun News English
ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ၅ ပွဲသာ ကစားထားနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်တွေမှ ၂ ပွဲသာ မိနစ် ၉၀ အပြည့်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လာမယ့် မတ်လထဲမှာ အသက် ၃၆ နှစ်ပြည့်မယ့် ရာမို့စ်ဟာ လက်ရှိမှာ ခြေသလုံးဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ၎င်းရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေသလို ဒုတိယအကျော့ပွဲစဉ်ဖြစ်တဲ့ ဆန်တီယာဂို ဘာနေဗျူးမှာ ကစားရမယ့် ပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့ ရုန်းကန်နေရအုန်းမှာ ဖြစ်ပါတယ်။
Le Parisien သတင်းစာရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝကနေ ထင်တာထက်ပိုပြီး စောစောစီးစီး အနားယူရနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
စပိန်သားလက်ရှိခံစားနေရတဲ့ ခြေသလုံးဒဏ်ရာပြဿနာဟာ ပြီးခဲ့တဲ့နှစ် ရာသီအကုန်မှာ ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာပြဿနာနဲ့ ဆင်တူပြီး အဆိုပါဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ရသလို ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် နည်းပြလူးဝစ်အင်းနရစ်ရဲ့ စပိန်လက်ရွေးစင်အသင်း လူစာရင်းမှာလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
Photo : MSC Football
ပြင်သစ်လက်ရွေးစင်ဆရာဝန်ဟောင်း ဂျင်းမာဆယ်ဖာရက်ကတော့ ရာမို့စ်ရဲ့ ဒဏ်ဟာ သက်တမ်းရင့် ခြေသလုံးကြွက်သားရောဂါ ဖြစ်ပြီး ဒဏ်ရာက ဘယ်လိုဆင့်ကဲပြောင်းလဲလာတယ်ဆိုတာ ခန့်မှန်းရခက်တဲ့ ဒဏ်ရာပြဿနာတစ်ခုဖြစ်တယ် လို့ဆိုပါတယ်။
” ဒီဒဏ်ရာပြဿနာက ခြေသလုံးကြွက်သားဖွဲ့စည်းပုံနဲ့ ပတ်သက်နေပါတယ် ၊ ရာမို့စ်ကထိပ်တန်းအဆင့် ကစားသမားတစ်ဦးအနေနဲ့ (၁၉) ရာသီကြာ ကစားခဲ့တဲ့အတွက် သူ့ရဲ့ခြေသလုံးကြွက်သားတွေ ဘယ်လောက်ထိ အားနည်းသွားပြီးလဲ ဆိုတာကို စဉ်းစားရပါမယ် ၊ သူ့ရဲ့ ခြေသလုံးကြွက်သားတွေက ပျော့ပျောင်းမှု အားနည်းသွားပြီး ယခင်ကထက် ပိုမိုထိခိုက်လွယ်သွားပြီလို့” ဂျင်းမာဆယ်ဖာရက်က ပြောကြားခဲ့ပါတယ်။
Featured Photo : Daily Mail