နှစ်ဟောင်းကနေ နှစ်သစ်ပြောင်းတဲ့အခါ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အပြောင်းအလဲတစ်ခုနဲ့ ဘဝကို စတင်ကြဖို့ ပြောကြပါတယ်။ နှစ်သစ်မှာ ဘာတွေလုပ်မယ် ၊ ဘယ်လို ရည်မှန်းချက်တွေ ပြည့်ရမယ်ဆိုပြီးလည်း ပန်းတိုင်သစ်တွေ ချမှတ်ကြပါတယ်။ တစ်ဆက်တည်းမှာပဲ နှစ်ဟောင်းတုန်းက မကောင်းတဲ့ အကျင့်ဟောင်းတွေကိုပါ အဆက်ဖြတ်ဖို့ လိုပါတယ်။ ဒါမှသာ ပိုကောင်းတဲ့နှစ်တစ်နှစ် ဖြစ်လာမှာ မဟုတ်လား။ ဒါကြောင့်ပဲ ၂၀၂၂ ခုနှစ်မှာ ကွီးတို့ လုံးဝရှောင်ရှားရမယ့် အကျင့်ဟောင်းတချို့အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) အချိန်ဖြုန်းခြင်း
Photo: Unsplash
ကျွန်တော်တို့ဘဝဟာ အကန့်အသတ်ရှိတဲ့ဘဝ ၊ နေချင်သလောက် နေလို့မရတဲ့ဘဝ ဆိုတာ မမေ့ပါနဲ့။ တန်ဖိုးရှိလှတဲ့ ဘဝတိုတိုလေးအတွင်းမှာ ကိုယ့်ရဲ့ အဖိုးတန်ဆုံး အရင်းအမြစ်တစ်ခုဖြစ်တဲ့ အချိန်ကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချဖို့ လိုပါတယ်။ သင့်အတွက် လုံးဝ အရေးမပါတဲ့ အရာတွေအတွက် အချိန်ဖြုန်းမိတာမျိုး တော်ပါတော့။
အမြဲတမ်း လုပ်ချင်ခဲ့ပြီး နောက်မှ လုပ်ပါတော့မယ်ဆိုပြီး ချန်လှပ်ထားခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။ သင်တကယ် ချစ်ရတဲ့သူတွေနဲ့ တွေ့ဖို့ အချိန်ပေးလိုက်ပါ။ သူတို့က သင်နဲ့ အမြဲတမ်း အတူရှိနိုင်မှာ မဟုတ်ပါဘူး။ ဘဝရဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားဖြတ်သန်းပါ။
(၂) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်ခြင်း
Photo: Unsplash
၂၀၂၂ ခုနှစ်အတွက် သင့်ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ ခေါင်းစဉ်တစ်ခုက Healthy Lifestyle ဆိုတာပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုဟာ ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ အရေးပါဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါပြီ။ ကပ်ရောဂါဘေးအတွင်းမှာ လူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အရေးပါပုံကို ပိုတွေ့မြင်လာကြပေမယ့် ကိုယ်လက်လှုပ်ရှားမှု ပိုနည်းပြီး စိတ်ရောကိုယ်ပါ အနားယူဖြေလျှော့ဖို့ မေ့လျော့နေကြပါတယ်။ ဒီနှစ်ထဲမှာတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် နေမယ်လို့ ဆုံးဖြတ်ပြီး နေ့တိုင်းမှာ Healthy Lifestyle ဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။
(၃) အလုပ်ဝန်မမျှခြင်း
Photo: Unsplash
COVID-19 ကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုတွေ မြင့်ခဲ့သလို ကျန်ခဲ့တဲ့ အလုပ်တွေကလည်း အိမ်ကနေ အလုပ်လုပ်ရတဲ့ Work-From-Home စတိုင်တွေ ဖြစ်လာလို့ အလုပ်နဲ့ ဘဝဟန်ချက်မမျှဖြစ်ခဲ့ပါတယ်။ ၂၀၂၂ မှာ သင့်ရဲ့ တစ်ပတ်တာအလုပ်ချိန်ဟာ နာရီ ၄၀ ထက် မပိုဖို့ ၊ အလုပ်ချိန်ပြင်ပ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေ မဝင်အောင် ဂရုစိုက်ဖို့ လိုလာပါပြီ။ ဒီတော့ ၂၀၂၂ အတွက် ပုံမှန် အလုပ်ချိန်ဇယားလေးထားပြီး လုပ်ဖို့နဲ့ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့အကြံပေးချင်ပါတယ်။
(၄) စိတ်ဒုက္ခပေးသူတွေနဲ့ ပေါင်းသင်းခြင်း
Photo: Unsplash
နှစ်သစ်မှာ သင့်ကိုယ်သင် စိတ်ညစ်အောင်လုပ်နေတဲ့ အပေါင်းအသင်းတွေ ၊ ရည်းစားနဲ့ ပတ်သက်သူတွေကို အဆက်ဖြတ်ဖို့ ပြောချင်ပါတယ်။ Toxic Relationship တွေဟာ သင့်အတွက် စိတ်ရောလူပါ ဖျက်ဆီးနေတဲ့ သံချေးလို အရာတွေပါ။ ပြန်ပြီး ပြုပြင်လို့ရမယ်လို့ ယုံကြည်တဲ့ Relationship ဆိုရင် သေချာညှိနှိုင်းပြီး ရှေ့ဆက်ဖို့ စေ့စပ်ပါ။ မဟုတ်ရင်တော့ နှုတ်ဆက်ဖို့သာ လုပ်လိုက်ပါ။
(၅) Comfort Zone မှာ ပျော်နေခြင်း
Photo: Unsplash
သက်တောင့်သက်သာရှိပြီး ဘာစွန့်စားမှုမှ မလုပ်ရတဲ့ဘဝမှာ ကြာကြာနေတာ သိပ်မကောင်းလှပါဘူး။ ငယ်တုန်းမှာ စွန့်စားဖို့ လိုပါတယ်။ ကိုယ်ယုံကြည်ခဲ့တဲ့ ရည်မှန်းချက်တစ်ခုရှိခဲ့ပြီး ကြုံလာနိုင်တဲ့ အခက်အခဲတွေကြောင့် ရှေ့မဆက်သူဟာ အရှုံးသမားပါပဲ။ ၂၀၂၂ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် မောင်းတင်လိုက်ပါ။ တစ်ကိုယ်စာ လုံခြုံမှုရှိတဲ့ Comfort Zone ထဲကနေ ခုန်ထွက်ပြီး ကိုယ်ရဲ့ ပြင်းပြတဲ့ဆန္ဒနောက်ကို လိုက်ဖို့ ပြင်ဆင်ပါလို့ ပြောချင်ပါတယ်။
Featured Photo: Unsplash