နှင်းဆီပုံတက်တူးဒီဇိုင်းတွေဟာ တက်တူးထိုးသူတွေကြား ရေပန်းစားတဲ့ ဆွဲဆောင်မှုအရှိဆုံး Body art တစ်ခုဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ အလှတရားနဲ့ အသစ်တဖန် မွေးဖွားခြင်းစတဲ့ အနက်အဓိပ္ပါယ်တွေ များစွာရှိပါတယ်။ များသောအားဖြင့် နှင်းဆီတက်တူးတွေကို မိန်းကလေးတွေ ရေးထိုးလေ့ရှိပေမယ့် ယောကျာ်းလေးတွေအနေနဲ့လည်း နှင်းဆီတက်တူးကို အထာကျကျရေးထိုးလို့ ရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးချစ်သူကွီးတို့အတွက် နှင်းဆီပုံတက်တူးဒီဇိုင်းတွေကို ဘယ်လိုမျိုးအထာကျကျ ရေးထိုးလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) နာမည်နဲ့ နှင်းဆီပုံတက်တူး
Name tattoos နဲ့ နှင်းဆီပုံက လိုက်ဖက်မှုအရှိဆုံး ပေါင်းစပ်မှုပါပဲ။ နာမည်ကို နှင်းဆီပွင့်နဲ့ ပေါင်းစပ်ရေးထိုးလိုက်မယ်ဆိုရင် တက်တူးပုံကို ပိုမိုထူးခြားပေါ်လွင်သွားစေမှာဖြစ်ပြီး အဓိပ္ပါယ်ပိုလေးနက်သွားစေမှာ ဖြစ်ပါတယ်။ နှင်းဆီပွင့်ရဲ့ အရောင် အပေါ်မူတည်ပြီးလည်း အဓိပ္ပါယ်တွေ ရွေးချယ်နိုင်ပါတယ်။ ခင်မင်မှုရင်းနှီးမှုကို သက်သေပြုဖို့အတွက်ဆို အဝါရောင်နှင်းဆီပွင့်နဲ့ နာမည်ကို တွဲဖက်ရေးထိုးနိုင်ပြီး ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက်ဆို အနီရောင် နှင်းဆီပန်းပွင့်နဲ့ နာမည်ကို ပေါင်းစပ်ရေးထိုးနိုင်ပါတယ်။
(၂) နှင်းဆီနီတက်တူး
အနီရောင်နှင်းဆီတက်တူးပုံတွေဟာ ဆွဲဆောင်မှုအရှိဆုံးနဲ့ လူကြိုက်အများဆုံး တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ နှင်းဆီနီတက်တူးမှာ ထူးခြားလေးနက်တဲ့ အဓိပ္ပါယ်များစွာလည်း ရှိနေပါတယ်။ ရဲရင့်ခြင်း ၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်အားထက်သန်မှုတွေကို ကိုယ်စားပြုပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ အနီတောက်တောက် နှင်းဆီပုံတက်တူးကို လက်ခုံလိုနေရာမှာ ရေးထိုးမယ်ဆိုရင် တကယ်ကို အထာကျကျနဲ့ မိမိုက်နေစေမှာပါ။
(၃) အရိုးခေါင်းနဲ့ နှင်းဆီတက်တူး
အရိုးခေါင်းတက်တူးတွေဟာ တက်တူးခရေဇီတွေအတွက် ဘယ်တော့မှမရိုးနိုင်တဲ့ classic ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အရိုးခေါင်းနဲ့ နှင်းဆီပေါင်းစပ်လိုက်မယ်ဆိုရင်တော့ တကယ်ကိုပြီးပြည့်စုံတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်စေမှာပါ။ အရိုးခေါင်းနဲ့ နှင်းဆီတက်တူးဟာ အလှတရားနဲ့ နာကျင်မှု ၊ အခက်အခဲတွေ ကြားကဟန်ချက်ညီမှုတွေကို ကိုယ်စားပြုတဲ့အတွက် ဘဝရှင်သန်နေထိုင်ခြင်းနဲ့ ပတ်သတ်ပြီး လေးနက်တဲ့ တက်တူးဒီဇိုင်းမျိုး ထိုးချင်တဲ့ကွီးတို့အတွက် ရွေးချယ်စရာတက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။
(၄) မြွေနဲ့ နှင်းဆီတက်တူး
မြွေနဲ့ နှင်းဆီပုံ ပေါင်းစပ်ထားတဲ့ တက်တူးဒီဇိုင်းကတော့ ယောကျာ်းဆန်ပြီး ဆွဲဆောင်မှုအရှိဆုံး တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ထင်သာမြင်သာရှိတဲ့ လက်ဖျံလို့ နေရာတွေမှာ ထိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်။ အရောင်တွေနဲ့ ထိုးမယ်ဆိုရင်လည်း အရမ်းကိုလှပမှုရှိစေမှာဖြစ်သလို အနက်ရောင်တစ်မျိုးတည်းနဲ့ပဲ ထိုးမယ်ဆိုရင်လည်း လူငယ်ဆန်ဆန်နဲ့ အထာကျကျ ဆွဲဆောင်မှုရှိနေစေမှာ ဖြစ်ပါတယ်။
(၅) သံလိုက်အိမ်မြှောင်နဲ့ နှင်းဆီတက်တူး
သံလိုက်အိမ်မြှောင်နဲ့ နှင်းဆီပုံ တက်တူးဟာ အရင်ခေတ်က ရေကြောင်းနဲ့ နီးစပ်မှုရှိတဲ့ သင်္ဘောသားအများစု ရေထိုးခဲ့တဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ သံလိုက်အိမ်မြှောင်နဲ့ နှင်းဆီတက်တူးကို လူတိုင်းရေးထိုးလာကြပြီး ယနေ့တိုင် ဆွဲဆောင်မှုအား ကောင်းနေဆဲ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ သံလိုက်အိမ်မြှောင်နဲ့ နှင်းဆီတက်တူးကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် အဓိကအားဖြင့်တော့ အကောင်းမြင်စိတ်ထက်သန်မှုရှိဖို့နဲ့ အနာဂတ်ကိုအာရုံစိုက်ဖို့ လှုံ့ဆော်ပေးနေတဲ့ တက်တူးဒီဇိုင်းတစ်ခုအဖြစ် လူသိများပါတယ်။
Featured Photo : FashionBeans