ဂွတ်ဒီဆင် ပါ့ခ်က အဲဗာတန်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ပွဲမှာ ဒယ်လီ အယ်လီ ရွေးချယ်ခဲ့တဲ့ ဖက်ရှင်ဟာ လမ်းမပေါ်မှာ တရွတ်ဆွဲခေါ်လာခံခဲ့ရတဲ့ပုံ ပေါ်နေတယ်လို့ ဂလန်း ဟော်ဒယ်က ပြောကြားခဲ့ပါတယ်။

Photo: Toffeeweb
အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ တော့တင်ဟမ်ဟော့စပါးကို စွန့်ခွာခဲ့ပြီး အဲဗာတန်အသင်းကို စိတ်လှုပ်ရှားဖွယ် အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အယ်လီရဲ့ စပါးစ်က ကစားသမားဘဝဟာ အိပ်မက်ဆိုးဖြစ်နေခဲ့တာဖြစ်ပြီး နည်းပြ ကွန်တီလက်အောက်မှာ ပွဲကစားချိန် ရရှိဖို့အတွက် တိုက်ပွဲဝင်နေခဲ့ရတာကြောင့် အဲဗာတန်နည်းပြသစ် လမ်းပတ်က ကစားသမားဘဝအသစ်ပြန်စဖို့အတွက် လမ်းကြောင်းပေးခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၄၀ လောက်အထိ ပေးချေဖို့ သဘောတူညီခဲ့ရပြီး ဒယ်လီ အယ်လီ ပွဲ ၂၀ ပြည့်အောင် ပါဝင်ကစားပေးပြီးတာနဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ပေးချေသွားရမှာဖြစ်ပါတယ်။ ဒယ်လီ အယ်လီ၊ ဗန်ဒီဘိခ်တို့ဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်ကို ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ရှိနေခဲ့ကြတာဖြစ်ပြီး ပထမပိုင်းအပြီး ခေတ္တနားချိန်မှာ အဲဗာတန်အသင်းက ဇန်နဝါရီလ ကစားသမားခေါ်ယူမှုအသစ် ၂ ခုကို ဂွတ်ဒီဆင် ပါ့ခ်ထဲက ပရိသတ်တွေရှေ့မှောက်မှာ မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။

Photo: Express
ဒယ်လီ အယ်လီဟာ အဲဗာတန်အသင်းတံဆိပ်ပါ မာဖလာကို လည်ပင်းမှာ တွဲလောင်းဆွဲထားခဲ့ပြီး မီးခိုးရောင် ခေါင်းစွပ်၊ အပြာရောင်ဂျင်းဘောင်းဘီနဲ့ ကုတ်အင်္ကျီတို့ကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂလန်း ဟော်ဒယ်ဟာ အဲဗာတန်ကစားသမားသစ်ရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး မနှစ်မြို့ဖြစ်ခဲ့တာဖြစ်ပြီး ဒီလိုအချိန်အခါမျိုးအတွက် ဒီထက်အများကြီး ပိုကောင်းတဲ့ ဝတ်စားဆင်ယင်မှုမျိုး ပြုလုပ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“သူသာ ဘောလုံးကန်ဖိနပ်ကို ပြန်ဝတ်ပြီး ဘောလုံးအပေါ်မှာ ပြန်အာရုံစိုက်မယ်ဆိုရင် သူ့အတွက် ကစားသမားဘဝ ပြန်ရဖို့အတွက် လမ်းရှိပါတယ်။ သူ ကွင်းထဲကို ဝတ်စားပြီး ဝင်လာတဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော် သဘောမကျပါဘူး။ ကျွန်တော် ရော်ဘီ ဆားဗေ့ဂျ် ဒီလိုမျိုး ပုံစံတွေ ဝတ်တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို ကြည့်လိုက်တဲ့အခါမှာ သူက အသင်းသစ်ရထားတဲ့ သူပါ။ ခင်ဗျား သူ ဘယ်လိုတောင် ဝတ်စားထားလဲဆိုတာကို ကြည့်သင့်တယ်”

Photo: Gettyimages
ရော်ဘီ ဆားဗေ့ဂျ်ဟာ ဒယ်လီ အယ်လီအပေါ် ဂလန်း ဟော်ဒယ်ရဲ့ ပြစ်တင်ဝေဖန်မှုကို ကာကွယ်ပြောဆိုခဲ့ပြီး အဲဗာတန်ကွင်းလယ်ကစားသမားသစ်ပုံစံက စိတ်လှုပ်ရှားစရာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂလန်း ဟော်ဒယ်က ၎င်းရဲ့ အမြင်ကို အခိုင်အမာဆုပ်ကိုင်ထားပြီး အင်္ဂလန်ကွင်းလယ်ကစားသမားအနေနဲ့ အဲဗာတန်ပရိသတ်တွေနဲ့ မိတ်ဆက်တဲ့ပွဲမှာ အားကစားဝတ်စုံ သို့မဟုတ် အခြားကြည့်ကောင်းမယ့်ပုံစံကို ဝတ်ဆင်ထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် သူ လမ်းမပေါ်ကနေ တရွတ်ဆွဲခေါ်လာတာခံခဲ့ရတာလို့တောင် ကျွန်တော် ထင်ခဲ့မိတာ။ ကျွန်တော်သာ အဲဗာတန်ပရိသတ်ဆိုရင် ခင်ဗျားက အသင်းသစ်ကို သွားရတော့မှာလေ။ အနည်းဆုံးတော့ အားကစားဝတ်စုံလေးဘာလေးတော့ ဝတ်ပေါ့။ ဒါမှမဟုတ်လည်း အဆင်ပြေမယ့်ဟာတစ်ခုခု ဝတ်ရမယ်”
“သူ တခါတည်း သူ့ရဲ့အကောင်းဆုံးလုပ်နိုင်တာကို ပြန်ရအောင် လုပ်ရမယ်။ အဲဒါက ဖရန့်ခ် လမ်းပတ် ဒါမှမဟုတ် အဲဗာတန်နဲ့ မဆိုင်ပါဘူး။ သူ တော်တဲ့အရာမှာ သူ အရင်အတိုင်း ပြန်လုပ်နိုင်အောင် လုပ်ရမှာပါ။ ကွင်းလယ်ကနေ ဂိုးတွေ သွင်းယူတာပေါ့။ သူ အဲဒါကိုသာ မလုပ်နိုင်ရင်တော့ သူ့ဆီက အကောင်းဆုံးပုံစံရအောင်လုပ်နိုင်မယ့်သူ ဘယ်သူမှ ကျွန်တော် မမြင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Sportbible
