အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရရိုးထုံးစံမရှိပါဘူး။ အောင်မြင်မှုပန်းတိုင်တွေဆီမရောက်ခင် ခက်ခဲကြမ်းတမ်းတဲ့အတားအဆီးတွေ ကျရှုံးမှုတွေ အကြိမ်ကြိမ်ကြုံတွေ့ ရနိုင်ပါတယ်။ ဘယ်နှစ်ကြိမ်ပဲ လဲကျပါစေ ပြန်ထပြီးအကောင်းဆုံးရှေ့ဆက်နိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာ တစ်နေ့ မလွဲမသွေ ရရှိနိုင်မှာပါ။ အခုပြောပြမှာကတော့ ကျရှုံးမှုတွေကနေ အကောင်းဆုံးရုန်းထပြီး အောင်မြင်မှုတွေဆီ လျောက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်ကျော်ကြားသူ ၅ ဦးအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Steven Spielberg

Jaws ၊ Schindler’s List တို့လို ဇာတ်ကားကောင်းတွေ ဖန်တီးရိုက်ကူးခဲ့တဲ့ အော်စကာဆုများရှင် အမေရိကန် ဒါရိုက်တာကြီး Steven Spielberg ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ထိတ်ထိတ်ကြဲအောင်မြင်တဲ့ ဒါရိုက်တာကြီးတစ်ဦးပါ။ Steven Spielberg ဟာ အခုလိုအောင်မြင်ကျော်ကြားမှုတွေမရခင် ငယ်စဉ်က ကယ်လီဖိုးနီးယားမှာရှိတဲ့ အနုပညာကျောင်းမှာ အရည်အချင်းမပြည့်မှီလို့ဆိုပြီး ၂ ကြိမ်တိတိ ငြင်းပယ်ခံခဲ့ရသူပဲ ဖြစ်ပါတယ်။ အခုဆို အဲ့ဒီကျောင်းမှာ Spielberg ကို ဂုဏ်ပြုတဲ့အနေနဲ့ အဆောက်အဦးတစ်ခုကိုတောင် ဆောက်လုပ်ထားပါတယ်။
(၂) J.K. Rowling

Harry Potter ဝတ္ထုကိုရေးသားခဲ့သူ ဗြိတိသျှစာရေးဆရာမ J.K. Rowling ကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ ဝတ္ထုရေးနေစဉ်မှာ အလုပ်လက်မဲ့ဘဝ ၊ အိမ်ထောင်ကွဲ single mother အဖြစ်နဲ့ စိတ်ကျရောဂါကို တပြိုင်နက်တည်း ကြုံတွေ့ခံစားခဲ့ရတာ ဖြစ်ပါတယ်။ သူမရဲ့ဝတ္ထုကို စာအုပ်တိုက်များစွာက ငြင်းပယ်ခြင်းခံခဲ့ရပေမယ့် အခုချိန်မှာတော့ ဒေါ်လာ ၁.၁ ဘီလီယံကျော် ချမ်းသာတဲ့ သူတစ်ဦးဖြစ်နေပါပြီ။
(၃) Abraham Lincoln

အမေရိကန်ရဲ့ အရည်အချင်းရှိဆုံး သမ္မတကြီးတစ်ဦးဖြစ်တဲ့ Abraham Lincoln ဟာဆိုရင် သမ္မတမဖြစ်ခင်မှာ မအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းများစွာနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲစတင်ဝင်ရောက်ချိန်မှာလည်း ရှုံးနိမ့်မှုတွေများစွာရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမေရိကန်ရဲ့ ၁၆ ယောက်မြောက် သမ္မတကြီးဖြစ်လာခဲ့ပါတယ်။
(၄) Oprah Winfrey

Oprah ဟာ အလုပ်သမား လူတန်းစား ဆင်းရဲတွင်းကနေ မွေးဖွားလာခဲ့သူဖြစ်ပြီး ကြမ်းတမ်းတဲ့ ကလေးဘဝဖြတ်သန်းမှုနဲ့အတူ အသက် ၁၄ နှစ် ကိုယ်ဝန်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘဝရဲ့ ခက်ခဲမှုတွေကို အရှုံးမပေးခဲ့တဲ့ Oprah ဟာ အခုဆိုရင် ကိုယ်ပိုင်တီဗီချန်နယ်ထောင်ထားပြီး ဒေါ်လာ ၂.၆ ဘီယီယံကျော်ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး လူမည်းဘီလျံနာတစ်ဦးပဲ ဖြစ်ပါတယ်။
(၅) Stephen King

Stephen King ရဲ့ အအောင်မြင်ဆုံးစာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ Carrie ဟာ ထုတ်ဝေသူအယောက် ၃၀ ရဲ့ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ King ဟာ သူရဲ့ စာမူကို အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့တဲ့အထိ စိတ်ဓာတ်အကြီးအကျယ်ကျခဲ့ရတာပါ။ King ရဲ့ ဇနီးဖြစ်သူက အမှိုက်ပုံးထဲက စာမူကိုကောက်ပြီး နောက်ဆုံးအကြိမ်ကြိုးစားဖို့တိုက်တွန်းခဲ့ရာကနေ ထုတ်ဝေခွင့်ရခဲ့ပြီး အအောင်မြင်ဆုံး စာအုပ်တစ်အုပ်အဖြစ် သမိုင်းတွင်စေခဲ့တာ ဖြစ်ပါတယ်။
Featured Photo : Screen Rant
