ချစ်တင်းနှောခြင်းလို့ခေါ်တဲ့ လိင်ဆက်ဆံခြင်းဟာ ခံစားမှုသက်သက်တစ်ခုတည်း မဟုတ်ပါဘူး။ ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပုံမှန်ချစ်တင်းနှောခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။
(၁) နှလုံးကျန်းမာရေးကိုကောင်းစေတယ်
ဟုတ်ပါတယ် ချစ်တင်းနှောခြင်းဆိုတာ ကိုယ်လက်လှုပ်ရှားမှုတစ်ခုပါပဲ။ နှလုံးရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ ၂၀၁၅ ခုနှစ်ကလေ့လာမှုတစ်ခုအရ တစ်ပတ်ကို ၂ ကြိမ် သို့မဟုတ် ၂ကြိမ်နဲ့အထက် လိင်ဆက်ဆံတဲ့အမျိုးသားတွေဟာ လေဖြတ်ခြင်း ၊ နှလုံးဖောက်ခြင်းကဲ့သို့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေနည်းကြောင်း တွေ့ရှိရပါတယ်။
(၂) စိတ်ဖိစီးမှုနည်းစေပြီး သွေးပေါင်ချိန်မှန်စေတယ်
လိင်ဆက်ဆံခြင်းဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးတဲ့ endorphin နဲ့ အခြား ဟော်မုန်းဓာတ်တွေကို မြှင့်တင်ပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် စကော့တလန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေဟာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးပေါင်ချိန်တိုးလာခြင်းကို တားဆီးပေးကာ သွေးပေါင်ချိန်မှန်ကန်စေဖို့ ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။
(၃) ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ European Urology ဂျာနယ်ရဲ့ ဖော်ပြချက်တစ်ခုအရ တစ်လမှာ ၄ ကြိမ် ကနေ ၇ ကြိမ်အထိ လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း နည်းပါးကြောင်း ဖော်ပြထားပါတယ်။ အမျိုးသားတွေအနေနဲ့ ပုံမှန်သုတ်လွှတ်ပေးခြင်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။
(၄) ကောင်းမွန်စွာအိပ်ပျော်စေနိုင်တယ်
National Sleep Foundation ရဲ့အဆိုအရ orgasms လို့ခေါ်တဲ့ အထွတ်အထိပ်ရောက်ပြီးချိန်မှာ ခန္ဓာကိုယ်က prolactin ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး ၎င်းဟော်မုန်းက အိပ်ချိန်စိတ်ကို ဖြစ်စေကာ သက်တောင့်သက်သာနဲ့ အိပ်လို့ပိုကောင်းစေမှာ ဖြစ်ပါတယ်။ အိပ်စက်မှုအရည် အသွေးကို ကောင်းမွန်စေတဲ့အတွက် မနက်ခင်းအိပ်ရာနိုးချိန်မှာလည်း လန်းဆန်းတက်ကြွစွာ နိုးထလာစေနိုင်မှာပဲ ဖြစ်ပါတယ်။
(၅) အသားအရေ နုပျိုစေတယ်
လိင်ဆက်ဆံခြင်းဟာ စိတ်ပျိုကိုယ်နုဆိုတဲ့ အကျိုးကျေးဇူးကိုလည်း ရရှိစေနိုင်ပါတယ်။ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေအတွင်း သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေတဲ့အတွက် သဘာဝအတိုင်း အသားအရေကို ကြည်လင်နုပျိုစေနိုင်မှာပဲ ဖြစ်ပါတယ်။
Featured Photo : Men’s Health